ဒရုန်းတွေကို လေထဲမှာတင် လေဆာရောင်ခြည်သုံးပြီး လျှပ်စစ်ဓာတ်အား ဖြည့်တင်းနိုင်မယ့် စနစ်အသစ်တစ်ခုကို အမေရိကန်ကုမ္ပဏီတစ်ခုက လက်တွေ့စမ်းသပ်ပြသခဲ့ပါတယ်။ Aerial ReCharge လို့ခေါ်တဲ့ အဲဒီစနစ်ဟာ မြေပြင်ကနေ ထုတ်လွှင့်ပေးတဲ့ စွမ်းအင်ကို လေထဲမှာပျံသန်းနေတဲ့ ဒရုန်းရဲ့ လက်ခံကိရိယာဆီ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

 

တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ အဲဒီစနစ်ဟာ Kraus Hamdani Aerospace ကုမ္ပဏီထုတ် K1000ULE ပုံစံတူ ဒရုန်းဆီကို ကီလိုဝပ် တစ်ဝက်နီးပါးရှိတဲ့ စွမ်းအင်တွေကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီဒရုန်းဟာ ပေ ၅၀၀၀ အထိ မြင့်တဲ့နေရာတွေမှာ ပျံသန်းနေစဉ် အဲဒီစနစ်ရဲ့ ခြေရာခံမှုကို ခံယူခဲ့ရပြီး နာရီပေါင်းများစွာကြာအောင် လေထဲမှာ ဆက်လက်ပျံသန်းနိုင်ခဲ့ပါတယ်။

 

အဲဒီနည်းပညာကို ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် အမေရိကန်စစ်ဘက်ဆိုင်ရာဌာနရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တယ်လို့ အဲဒီကုမ္ပဏီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနည်းပညာကြောင့် မကြာခဏဆိုသလို ဆင်းပြီးဘက်ထရီလဲလှယ်ရတဲ့ အလုပ်တွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation