မလေးရှားနိုင်ငံ၊ Johor ပြည်နယ်၊ Kluang မြို့က LED ကြော်ငြာဆိုင်းဘုတ်တွေမှာ စနေနေ့က ဟက်ကာတွေ ကအပြာဗီဒီယိုတွေ လွှင့်တင်ခဲ့ပါတယ်။ Leakers လို့ အမည်ပေးထားတဲ့ အဲဒီဟက်ကာအဖွဲ့က သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ငွေညှစ်ဖို့ ဒါမှမဟုတ် Ransomware ဖြန့်ဖို့ မဟုတ်ဘဲ လုံခြုံရေး အားနည်းချက်တွေကို ဖော်ထုတ်ပြသချင်တာလို့ ဆိုပါတယ်။

အဲဒီအဖွဲ့ဟာ LED မျက်နှာပြင်တွေဆီ အချက်အလက်ပို့တဲ့ ဆော့ဖ်ဝဲလ်တွေရဲ့ လုံခြုံရေး အားနည်းချက်တွေကို အသုံးချခဲ့တာ ဖြစ်ပါတယ်။ အလိုအလျောက် စကင်ဖတ်တဲ့ စနစ်ကို သုံးပြီး နှစ်နာရီအတွင်းမှာတင် အားနည်းချက်ရှိတဲ့ စနစ်ပေါင်း ထောင်နဲ့ချီ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီဂျစ်၊ အီရတ်၊ ဘရာဇီးနဲ့ တရုတ် နိုင်ငံတွေမှာလည်း အလားတူ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ အခြေခံလုံခြုံရေးတောင် မလုပ်ဘဲ အင်တာနက် ချိတ်ဆက်ထားတာကို ဝေဖန်ခဲ့ပါတယ်။

Kluang စည်ပင်သာယာရေးကော်မတီကလည်း သူတို့ရဲ့ LED စနစ် ဟက်ခံရပြီး အပြာဗီဒီယိုတွေ ပြသခံခဲ့ရတာကို အတည်ပြုထားပါတယ်။ လက်ရှိမှာတော့ မလေးရှား ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို ကွန်ပျူတာ ရာဇဝတ်မှုဥပဒေနဲ့ ရာဇသတ်ကြီး ဥပဒေတွေအရ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှု နှစ်ခု ပြုလုပ်နေပါတယ်။
Ref : Bangkokpost





