ကားမောင်းနေရင်း ဖုန်းသုံးတာဟာ ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာကို အမေရိကန် ပြည်ထောင်စု ယူတားပြည်နယ်က ဖြစ်ရပ်တစ်ခုက သက်သေပြနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အသက် ၄၄ နှစ်အရွယ် ခရစ္စတင်းချောင် (Christine Chao) လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ကားမောင်းနေစဉ် ဖုန်းကနေ ညစ်ညမ်းဗီဒီယို ကြည့်ရှုနေခဲ့တဲ့အတွက် ကြေကွဲဖွယ်ရာ ကားသုံးစီး ဆင့်တိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ ယာဉ်တိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး သူမကို မော်တော်ယာဉ်နဲ့ လူသတ်မှု စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

 

အခင်းဖြစ်ပွားပုံကတော့ I-15 အဝေးပြေးလမ်းမကြီးပေါ်မှာ လမ်းပြင်နေတဲ့အတွက် ကားတွေ အသွားအလာ နှေးကွေးနေချိန်မှာ စတင်ခဲ့တာပါ။ ခရစ္စတင်းချောင်ရဲ့ ကားဟာ ရှေ့ကကားကို အရှိန်မလျှော့ဘဲ ဝင်တိုက်မိခဲ့ပြီး အဲဒီကားကနေတစ်ဆင့် နောက်ထပ်ကားတစ်စီးကို ထပ်ဆင့် တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ကားသုံးစီးစလုံး လမ်းဘေးကို ထိုးကျသွားခဲ့ပြီး ရဲတွေ စစ်ဆေးကြည့်တဲ့အခါ လမ်းပေါ်မှာ ကားဘရိတ်အုပ်ထားတဲ့ လက္ခဏာ တစ်စုံတစ်ရာမှ မတွေ့ခဲ့ရပါဘူး။ အဆိုးဆုံးကတော့ သူမရဲ့ဖုန်းကို စစ်ဆေးလိုက်ချိန်မှာ ယာဉ်တိုက်မှုမဖြစ်ခင် နှစ်မိနစ်အလိုလောက်ကမှ ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ရောက်ကြည့်ရှုနေတာကို ရဲတပ်ဖွဲ့က အထောက်အထားနဲ့တကွ တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

 

တာဝန်မဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် အခြားကားတစ်စီးရဲ့ နောက်ခန်းမှာ လိုက်ပါလာတဲ့ အသက် ၆၆ နှစ်အရွယ် စကော့ လာဗာ လစ်ချ်ဖီးလ်ဒ် (Scott LaVar Lichfield) ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး ကံဆိုးစွာနဲ့ပဲ သေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသူဟာ တနင်္ဂနွေကျောင်းဆရာတစ်ဦး၊ ဘဏ္ဍာရေးပညာရှင်တစ်ဦး ဖြစ်တဲ့အပြင် မိသားစုကို အလွန်ချစ်ခင်မြတ်နိုးတဲ့ ခင်ပွန်းနဲ့ အဘိုးတစ်ဦးလည်း ဖြစ်ပါတယ်။ ဖုန်းသုံးရင်း ကားမောင်းတဲ့ အလေ့အထဟာ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကို အဲဒီဖြစ်ရပ်က သတိပေးနေပါတယ်။

Ref: NY Post