Ray-Ban Meta စမတ်မျက်မှန်များကို သုံးစွဲနေသူအချို့က မိမိတို့ ရည်ရွယ်ချက်မရှိဘဲ "Hey Meta" ဟု ခေါ်ဆိုခြင်း သို့မဟုတ် ဖန်ခလုတ်ကို နှိပ်ခြင်းမပြုဘဲ ပုံမှန်စကားပြောဆိုမှုများကို AI history ထဲတွင် မှတ်တမ်းတင်ခံထားရကြောင်း Android Authority မှ ဖော်ထုတ်ထားပါတယ်။ ဤကိစ္စသည် မျက်မှန်များက လိုအပ်သည်ထက် ပိုမို နားစွင့်နေနိုင်သည်ဟူသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
Ray-Ban Meta မျက်မှန်များသည် built-in မိုက်ခရိုဖုန်းနှင့် AI assistant ပါဝင်ပြီး "Hey Meta" ဟု အသံဖြင့် ခေါ်ဆိုမှု သို့မဟုတ် ဘေးဘက်ရှိ ခလုတ်ကို ထိတွေ့ခြင်းဖြင့် အလုပ်လုပ်စေနိုင်ပါတယ်။ သို့သော် သုံးစွဲသူများက ၎င်းတို့ မည်သည့်အခါမျှ Activation phrase မသုံးခဲ့ဘဲ ပုံမှန်ဆွေးနွေးမှုများ AI history ထဲတွင် ပေါ်လာသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ Meta ကုမ္ပဏီဘက်မှ ဤကိစ္စနှင့်ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပြဿနာကို စစ်ဆေးနေသည်ဟု သိရပါတယ်။
ဤအခြေအနေသည် AI စွမ်းရည်ပါသော wearable devices များ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာခြင်းနှင့်အတူ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ တိုးမြင့်လာနေကြောင်း ပြသနေပါတယ်။ မြန်မာနိုင်ငံရှိ နည်းပညာသုံးစွဲသူများအနေဖြင့်လည်း Smart wearable device များ ဝယ်ယူသုံးစွဲချိန်တွင် Privacy setting များကို သေချာစစ်ဆေးထားရန် အထောက်အကူဖြစ်စေသော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

