တောင်ကိုရီးယားကုမ္ပဏီကြီး Samsung ဟာ သူတို့ရဲ့ ဖုန်းတွေမှာ အကောင်းဆုံး ဂိမ်းစွမ်းဆောင်ရည် ရရှိမယ်လို့ ကြော်ငြာခဲ့ပေမယ့် တကယ်တမ်းမှာတော့ စွမ်းဆောင်ရည်ကို ကန့်သတ်ထားတဲ့အတွက် ကိုရီးယား မျှတတဲ့ ကုန်သွယ်ရေး ကော်မရှင် (KFTC) ကနေ ဝမ် ၂၀ ဒသမ ၁ ဘီလီယံ (ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၅ ဒသမ ၁ သန်း) ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

 

အဲဒီပြဿနာဟာ Galaxy S22 စီးရီး၊ Galaxy S21 စီးရီးနဲ့ Galaxy Tab S8 စီးရီးတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Samsung က အကောင်းဆုံး ဂိမ်းအတွေ့အကြုံကို ပေးစွမ်းမယ်လို့ ဆိုခဲ့ပေမယ့် ဖုန်းတွေမှာပါဝင်တဲ့ Game Optimization Service (GOS) ဆော့ဖ်ဝဲလ်က ဂိမ်းကစားချိန်မှာ CPU နဲ့ GPU စွမ်းဆောင်ရည်တွေကို အလိုအလျောက် လျှော့ချပစ်ခဲ့တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Samsung က GOS ကို ပိတ်ထားနိုင်မယ့် ဆော့ဖ်ဝဲလ် အပ်ဒိတ်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လမှာ အမြန်ထုတ်ပေးခဲ့ပါတယ်။

 

Samsung ဘက်ကတော့ ကြော်ငြာကြောင့် သုံးစွဲသူတွေ နစ်နာမှုရှိခဲ့တယ်လို့ ဘယ်တရားရုံးကမှ မဆုံးဖြတ်ထားဘူးလို့ တုံ့ပြန်ထားပါတယ်။ GOS ဟာ အချိန်ကြာမြင့်စွာ ဂိမ်းကစားချိန်မှာ တည်ငြိမ်မှုရှိစေဖို့အတွက် ထည့်သွင်းထားတဲ့ လုံခြုံရေး လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့ ကုမ္ပဏီက အခိုင်အမာ ပြောဆိုထားပါတယ်။ ဒေါ်လာ ၁၅ သန်းဆိုတဲ့ ပမာဏဟာ Samsung အတွက်တော့ ကြီးမားတဲ့ ပမာဏမဟုတ်ပေမယ့် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ကြော်ငြာတွေကြောင့် အခုလို တရားစွဲခံရတာဟာ တခြား စမတ်ဖုန်း အမှတ်တံဆိပ်တွေအတွက် သတိထားစရာ သင်ခန်းစာတစ်ခု ဖြစ်လာပါတယ်။

Ref : Gizmochina