သိပ္ပံရုပ်ရှင်တွေထဲကလို စက်ရုပ်တွေ လူတွေနဲ့အတူ အလုပ်လုပ်မယ့်ခေတ်က တကယ်ရောက်လာတော့မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ AI နည်းပညာသုံး စက်ရုပ်ပေါင်း ၁,၇၀၀ ကျော်ကို စတင်အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။ အဲဒီ စက်ရုပ်တွေဟာ ရိုးရိုးရှင်းရှင်း အလုပ်တွေသာမကဘဲ လုံခြုံရေး ကင်းလှည့်တာ၊ မီးငြှိမ်းသတ်တာ၊ သုတေသနလုပ်ငန်း နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာပါ တက်တက်ကြွကြွ ပါဝင်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

 

ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်းကြီးမှာ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ၉ ခု နဲ့ Rainbow Robotics, Robotis, Hyundai Motor နဲ့ Neubility အစရှိတဲ့ ထိပ်တန်း စက်ရုပ်နည်းပညာကုမ္ပဏီ ၁၁ ခု ပူးပေါင်းပါဝင်နေပါတယ်။ အစိုးရအနေနဲ့ အဲဒီ စက်ရုပ်တွေကို လက်တွေ့လုပ်ငန်းခွင်တွေမှာ အသုံးပြုစေပြီး ကုမ္ပဏီတွေရဲ့ နည်းပညာတိုးတက်စေဖို့နဲ့ စက်ရုပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပထမခြေလှမ်းအနေနဲ့ လူပုံစံ စက်ရုပ်တွေသာမကဘဲ လက်တွေ့ပိုဆန်တဲ့ ဘီးတပ်စက်ရုပ်တွေနဲ့ ခြေလေးချောင်းတပ် စက်ရုပ်တွေကိုပါ အဓိကထား အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 

ဒီလို အကြီးစားချဲ့ထွင်မှုတွေအတွက်တောင်ကိုရီးယားဟာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အချက်အလက်အသုံးပြုမှု၊ ပြုပြင်ထိန်းသိမ်းမှု နဲ့ ပတ်သက်တဲ့ တိကျတဲ့ လမ်းညွှန်ချက်တွေကို အပြီးသတ်ရေးဆွဲသွားဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိကရည်မှန်းချက်ကတော့ အများပြည်သူဝန်ဆောင်မှုတွေမှာ စက်ရုပ်အသုံးပြုမှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့နဲ့ နိုင်ငံတွင်း စက်ရုပ်နည်းပညာကုမ္ပဏီတွေ ကမ္ဘာ့အဆင့်မီ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။

Ref : Technology Innovation