တောင်ကိုရီးယားနိုင်ငံမှာ စမတ်ဖုန်းတွေ၊ စမတ်မျက်မှန်တွေနဲ့ တခြား အီလက်ထရွန်နစ်ပစ္စည်းတွေသုံးပြီး AI အကူအညီနဲ့ စာမေးပွဲခိုးချတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် နိုင်ငံတစ်ဝန်း စာမေးပွဲလုံခြုံရေးစနစ်တွေကို တင်းကျပ်လိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က အခွန်စာရင်းကိုင်စာမေးပွဲမှာ အမှတ် ၁၆၀ မှာ ၁၅၉ မှတ်နဲ့ အမြင့်ဆုံးရခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဟန် ဆိုသူက AI ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေသုံးပြီး ခိုးချခဲ့ကြောင်း ဝန်ခံခဲ့ရာကနေ အခုလို စတင်လာတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သူဟာ ဂဏန်းပေါင်းစက်ကို ကြိုးမဲ့ကီးဘုတ်အဖြစ် ပြုပြင်တာ၊ ကင်မရာအသေးစား ဝှက်ထားတာနဲ့ ခါးပတ်အတွင်း စမတ်ဖုန်းဝှက်ထားတာတွေ လုပ်ဆောင်ပြီး အိမ်က ကွန်ပျူတာဆီ မေးခွန်းတွေပို့ကာ AI အဖြေတွေကို ပြန်လည်ရယူခဲ့တာကြောင့် အစိုးရက စာမေးပွဲဖြေဆိုခွင့် ၁၀ နှစ်အထိ ပိတ်ပင်ဖို့ စဉ်းစားနေပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ နောက်ထပ် အရေးကြီးစာမေးပွဲတစ်ခုမှာလည်း အီလက်ထရွန်နစ်ပစ္စည်းနဲ့ ခိုးချတယ်လို့ သံသယရှိသူ ၁၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ စာမေးပွဲခန်းထဲ ခိုးသွင်းလာတဲ့ ဖုန်းတွေကို ဖော်ထုတ်နိုင်ဖို့ အာဏာပိုင်တွေဟာ အသံပိတ်ထားရင်တောင် အချက်ပေးသံ အကျယ်ကြီးမြည်စေမယ့် အရေးပေါ်သတိပေးစနစ်ကို အသုံးပြုပြီး မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်း သတိပေးချက် ၃ ကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့အပြင် စာမေးပွဲခန်းမဝင်ခင် စစ်ဆေးတာ၊ မျက်မှန်တွေကို စစ်ဆေးတာ၊ ကင်မရာအသေးစားတွေကို ကာကွယ်ဖို့ အင်္ကျီကြယ်သီးတွေမှာ စတစ်ကာကပ်တာ၊ စာစစ်ဌာန ၁,၃၁၂ ခုမှာ ကြီးကြပ်ရေးမှူး ၇၅,၀၀၀ ခန့် ချထားတာနဲ့ ခိုးချမှုကို တိုင်ကြားသူတွေကို အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ခန့် ဆုကြေးပေးတာတွေကိုပါ လုပ်ဆောင်နေပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုးလ်အမျိုးသားတက္ကသိုလ် ပါမောက္ခတွေရဲ့ ကောင်စီ ဥက္ကဋ္ဌဟောင်း လင်ဂျောင်မွတ်က အဖြေရှိပြီးသား မေးခွန်းတွေကို ဖြေဆိုရတဲ့ လက်ရှိစာမေးပွဲပုံစံတွေမှာ AI နဲ့ ခိုးချမှုကို ရှောင်လွှဲလို့မရနိုင်ကြောင်း သုံးသပ်ပါတယ်။ AI အသုံးပြုမှုကို ပုံမှန်အခြေအနေတစ်ခုလို သတ်မှတ်ပြီး ကျောင်းသားတွေအနေနဲ့ ပြဿနာဖြေရှင်းရာမှာ AI ကို ဘယ်လိုအသုံးချသလဲဆိုတာ အကဲဖြတ်မယ့် စာမေးပွဲပုံစံတွေအဖြစ် ပြောင်းလဲသင့်ကြောင်း သူက အကြံပြုပါတယ်။ အမေရိကန်နိုင်ငံက စတန်းဖို့ဒ်တက္ကသိုလ်နဲ့ MIT တို့လို ထိပ်တန်းတက္ကသိုလ်တွေမှာလည်း AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ နှုတ်ဖြေစာမေးပွဲတွေနဲ့ တစ်ဦးချင်း ဆွေးနွေးမေးမြန်းတဲ့ စနစ်တွေကို တိုးချဲ့ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။
Ref : Bangkokpost





