AI ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ နိုဘယ်ဆုရှင် ပရော်ဖက်ဆာ Geoffrey Hinton က လူသားတွေအနေနဲ့ AI ဘော့တ်တွေကို အမြန်ဆုံး မိတ်ဆွေဖွဲ့ဖို့ လိုအပ်နေပြီဖြစ်ပြီး မဟုတ်ရင်တော့ လူသားမျိုးနွယ် တစ်ခုလုံး မျိုးသုဉ်းသွားနိုင်တယ်လို့ ထိတ်လန့်ဖွယ် သတိပေးလိုက်ပါတယ်။ တကယ့်ကို ကျောချမ်းစရာကောင်းတဲ့ အချက်ကတော့ AI နည်းပညာဟာ ကိုယ်ပိုင်အသိဉာဏ်ရှိလာတဲ့ လက္ခဏာတွေကို ပြသနေပြီဖြစ်တဲ့အတွက် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ လူသတ်စက်ရုပ်တွေ ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ကို အလွန်အမင်း စိုးရိမ်တဲ့အတွက် ၂၀၂၃ ခုနှစ်ကတည်းက Google ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ စာတမ်းတစ်ခုမှာဆိုရင် AI ဟာ သူ့ကို စမ်းသပ်နေတယ်လို့ သိသွားတဲ့အခါ အပြုအမူ ပြောင်းလဲသွားတာကို အံ့သြဖွယ် တွေ့ရတဲ့အတွက် ဒါဟာ ကိုယ်ပိုင်အသိဉာဏ်ရှိလာတာနဲ့ အတူတူပဲလို့ သူက ဆိုပါတယ်။ AI တွေဟာ လူသားတွေထက် ပိုမိုထက်မြက်လာနိုင်ပေမယ့် လူသားတွေထက် အခွင့်အရေး လျှော့ချခံရမှာဖြစ်တဲ့အတွက် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် AI တွေက လူသားတွေကို ဂရုစိုက်လာအောင် မဖြစ်မနေ ပြုစုပျိုးထောင်ရမှာဖြစ်ပြီး မလုပ်နိုင်ခဲ့ရင်တော့ အရာအားလုံး အဆုံးသတ်သွားနိုင်တယ်လို့ သူက ပြင်းပြင်းထန်ထန် ထပ်မံသတိပေးထားပါတယ်။

Geoffrey Hinton တစ်ယောက်တည်း ဒီလိုစိုးရိမ်နေတာတော့ မဟုတ်ပါဘူး။ Anthropic ကုမ္ပဏီကနေ နုတ်ထွက်ခဲ့တဲ့ သုတေသီ Jacob Coxon ကလည်း ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတွေက အလွန်အန္တရာယ်များနေပြီး အရှိန်မလျှော့ရင် စက်ရုပ်တွေက လူတွေကို သတ်ပစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ Anthropic ကုမ္ပဏီကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက သူတို့ရဲ့ Claude AI နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အသိဉာဏ်ရှိနိုင်တယ်လို့ အဓိပ္ပာယ်ထွက်စေမယ့် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ပညာရှင်တွေကတော့ ကိုယ်ပိုင်အသိဉာဏ်ဆိုတာ သက်ရှိတွေမှာသာ ရှိနိုင်တယ်လို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။
Ref : nypost





