မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်စ်က AI  နည်းပညာနဲ့ ပတ်သက်လို့ အဆိုးဆုံး အန္တရာယ်ဟာ စနစ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာထက် မကောင်းတဲ့လူတွေ လက်ထဲ ရောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ လူဆိုးတွေဟာ လုံခြုံရေး အကာအကွယ်တွေကို ဖြုတ်ပစ်ပြီး အဲဒီနောက်ဆုံးပေါ် မော်ဒယ်တွေကို အသုံးပြုလာကြမှာ ဖြစ်ပါတယ်။

 

လာမယ့်နှစ်မှာ အဲဒီလို အန္တရာယ်တွေကြောင့် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဘဏ္ဍာရေးစနစ်တွေကို နှောင့်ယှက်မှုတွေ အထူးပေါ်ထွက်လာနိုင်ချေ ရှိနေပါတယ်လို့ သူက ABC News နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ နည်းပညာကုမ္ပဏီတွေအနေနဲ့ အဲဒီလို ခြိမ်းခြောက်မှုတွေကို ကြိုတင်ကာကွယ်ဖို့အတွက် အရေးပေါ် ရပ်တန့်နိုင်မယ့် စနစ်မျိုးတွေကိုပါ တည်ဆောက်သွားကြဖို့ တိုက်တွန်းထားပါတယ်။

 

မိုက်ခရိုဆော့ဖ် ရဲ့ စီအီးအို ဆာတီယာနာဒယ်လာကလည်း AI မော်ဒယ်တွေ အားလုံးကို အန္တရာယ်ရှိနိုင်တယ်လို့ သဘောထားပြီး လုံခြုံရေး အကာအကွယ်တွေကို တည်ဆောက်ချိန်ကတည်းက ထည့်သွင်းကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီလို ထိန်းချုပ်ကွပ်ကဲနိုင်မယ့် အချက်အလက်တွေကို စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Ref : independent