တရုတ်နဲ့ ဆက်စပ်နေတဲ့ VAPOR PANDA လို့ခေါ်တဲ့ ဟက်ကာအဖွဲ့က ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေရဲ့ စနစ်တွေကို ဖောက်ထွင်းပြီး ဒေတာတွေ ခိုးယူဖို့အတွက် ARTEX လို့ခေါ်တဲ့ AI ကိရိယာနဲ့အတူ DeepSeek AI ကို အသုံးပြုခဲ့တယ်လို့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ CrowdStrike က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို အောက်တိုဘာ ၁၇ ရက်မှာ စတင်ခဲ့ပြီး ၁၁ ရက်အတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံက အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဟက်ကာတွေက AI ကို ကုဒ်ရေးဖို့လောက်ပဲ သုံးခဲ့တာ မဟုတ်ဘဲ အဆင့်ဆင့်လုပ်ဆောင်ရတဲ့ AI တွေကို ပေါင်းစပ်ဖို့အတွက် ARTEX ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ တွက်ချက်မှုတွေနဲ့ နည်းဗျူဟာတွေအတွက် DeepSeek ကို အသုံးပြုထားပြီး အားနည်းချက်တွေကို ရှာဖွေတာ၊ စမ်းသပ်ဖောက်ထွင်းတာတွေကနေ ကနဦးကြိုးစားမှုတွေ မအောင်မြင်တဲ့အခါ တိုက်ခိုက်မှုနည်းလမ်းတွေကို ပြောင်းလဲတာတွေအထိ တိုက်ခိုက်မှုအဆင့်ဆင့်ကို အလိုအလျောက် လုပ်ဆောင်စေခဲ့ပါတယ်။

ပစ်မှတ်ထားခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ အစိုးရအေဂျင်စီတွေ၊ ဆီမီကွန်ဒတ်တာ ထုတ်လုပ်သူတွေနဲ့ နျူကလီးယားစွမ်းအင် စက်ရုံတွေ ပါဝင်ပြီး အနည်းဆုံး အဖွဲ့အစည်း ၉ ခုကတော့ ဖောက်ထွင်းခံခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။ တိုက်ခိုက်သူတွေက ထိုးဖောက်ဝင်ရောက်ထားတဲ့ ကွန်ရက်တွေကို ဆက်လက်ထိန်းချုပ်ထားဖို့အတွက် BLOODALCHEMY လို့ခေါ်တဲ့ malware ကို အသုံးပြုခဲ့ပြီး အဲဒီ ဖြစ်ရပ်က ဆိုက်ဘာရာဇဝတ်ကောင်တွေအတွက် AI က ဘယ်လောက်အရေးပါလာတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
Ref : Bangkokpost



