တရုတ်နိုင်ငံ၊ ပေကျင်းမြို့က Beihang တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဆံပင်အမြန်ပြန်ပေါက်စေပြီး ထိပ်ပြောင်တာကို ကုသပေးနိုင်မယ့် Detangle လို့ အမည်ပေးထားတဲ့ လျှပ်စစ်ဘီးအသစ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီလျှပ်စစ်ဘီးရဲ့ ဘီးသွားတွေမှာ လျှပ်စစ်ငုတ်တွေနဲ့ ဆေးဝါးထည့်သွင်းထားတဲ့ မော်လီကျူးတွေ ပါဝင်ပြီး ဆံပင်မွေးညင်းပေါက်တွေဆီကို လျှပ်စစ်စက်ကွင်းထုတ်လွှတ်ကာ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။

 

Nature Communications သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ အဲဒီလျှပ်စစ်ဘီးဟာ လူသိများတဲ့ ဆံပင်ကျွတ်ကုသဆေး Minoxidil ထက် ပိုမိုထိရောက်မှုရှိတာကို တွေ့ရပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ သာမန် Minoxidil လိမ်းဆေးက ဆံပင်ပြန်ပေါက်နှုန်း ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပေမယ့် Detangle ဘီးကတော့ တစ်လအတွင်းမှာပဲ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိ ပြန်ပေါက်စေတာကို တွေ့ရှိခဲ့ပါတယ်။

 

အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ ကြုံတွေ့ရလေ့ရှိတဲ့ ထိပ်ပြောင်ရောဂါအတွက် လက်ရှိကုသမှုတွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလို ကုန်ကျစရိတ်လည်း ကြီးမားပါတယ်။ ဒါပေမဲ့ Detangle လျှပ်စစ်ဘီးကိုတော့ လက်ရှိအချိန်အထိ ကြွက်တွေမှာသာ စမ်းသပ်ရသေးတာဖြစ်ပြီး လူသားတွေမှာ ဘေးကင်းပြီး ထိရောက်မှု ရှိ၊ မရှိ သိနိုင်ဖို့အတွက် နောက်ထပ်စမ်းသပ်မှုတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။

 

Ref : independent