ကမ္ဘာ့အချမ်းသာဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ Elon Musk က အနာဂတ်မှာ စက်ရုပ်နည်းပညာနဲ့ အာကာသခရီးသွားလုပ်ငန်းတွေ အလွန်တိုးတက်လာတဲ့အခါ လက်ရှိအသုံးပြုနေတဲ့ ငွေကြေးစနစ်ဟာ အရေးမပါတော့နိုင်ဘူးလို့ ပြောပါတယ်။ သူက ဒီအမြင်ကို အတ္ထုပ္ပတ္တိရေးသူ Walter Isaacson နဲ့ ပြုလုပ်ခဲ့တဲ့ “The Builders” ပေါ့ဒ်ကတ်စ် အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။  

 

Musk ရဲ့ ခန့်မှန်းချက်အရ အနာဂတ်စီးပွားရေးမှာ ငွေစက္ကူနဲ့ ငွေကြေးတန်ဖိုးထက် ပစ္စည်းပမာဏ၊ လျှပ်စစ်စွမ်းအင်နဲ့ စွမ်းအင်အသုံးပြုနိုင်မှုလို အခြေခံရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာတွေက ပိုအရေးကြီးလာနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးထက် အဆများစွာကြီးမားတဲ့ နည်းပညာနဲ့ ထုတ်လုပ်နိုင်စွမ်း ရှိလာရင် လူတွေလိုချင်တဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးဖို့ လွယ်ကူသွားမယ်လို့ သူက ရှင်းပြပါတယ်။

 

ဒါပေမဲ့ အဲဒီလိုအနာဂတ်မှာ လူတွေရဲ့ ဘဝရည်ရွယ်ချက်နဲ့ အလုပ်အကိုင်အခန်းကဏ္ဍတွေ ပြောင်းလဲသွားနိုင်တယ်လို့လည်း Musk က ဆိုပါတယ်။ AI နဲ့ စက်ရုပ်တွေဟာ လူတွေထက် အလုပ်အများစုကို ပိုကောင်းအောင် လုပ်နိုင်လာမယ်လို့ သူက ယူဆပြီး လူတွေက အလုပ်မလုပ်တော့ရင်တောင် အငြိမ်းစားယူသူတွေလို ပျော်ရွှင်မှုရှာဖွေနိုင်မယ်လို့ ပြောပါတယ်။ ထို့အပြင် ဘီလျံနာတွေရဲ့ ချမ်းသာမှု ပိုတိုးလာတာဟာ ပျော်ရွှင်မှုကို အချိုးကျတိုးစေတာမဟုတ်ဘဲ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတဲ့ ပြဿနာကို ပိုဖြစ်စေတယ်လို့လည်း သူက သုံးသပ်ပါတယ်.

Ref : aol