တရုတ်နိုင်ငံအလယ်ပိုင်း၊ Hubei ပြည်နယ်၊ Enshi က အသက် ၂၆ နှစ်အရွယ် Gen Z လူငယ် Song Xingyu ဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ hoverboard နဲ့ တောင်တန်းတွေနဲ့ Yangtze မြစ်ကို ဖြတ်သန်းပျံသန်းပြခဲ့ပါတယ်။ အွန်လိုင်းမှာ Amazing Ayu လို့ လူသိများတဲ့ အဲဒီလူငယ်ဟာ ပျံသန်းရေးနဲ့ စက်မှုအင်ဂျင်နီယာပညာကို ကိုယ်တိုင်လေ့လာသင်ယူခဲ့ပြီး သူဖန်တီးထားတဲ့ ပျံသန်းရေးတီထွင်မှုတွေကြောင့် ဆိုရှယ်မီဒီယာမှာ follower သုံးသန်းကျော် ရရှိထားပါတယ်။

ငယ်စဉ်ကတည်းက ကျောင်းထွက်ခဲ့ရတဲ့ Song Xingyu ဟာ လေကြောင်းပညာကို စိတ်ဝင်စားခဲ့ပြီး အခက်အခဲတွေများစွာနဲ့ အကြွေးတွေတင်ခဲ့ပေမယ့်လည်း လက်မလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။ လေထီးမပွင့်တဲ့ အသက်အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတွေနဲ့ အခြားကျရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း အဲဒီအတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး Spider-Man ဇာတ်ကားထဲက Green Goblin ရဲ့ glider ကို အတုယူကာ အခု hoverboard ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ hoverboard ဟာ AI စနစ်နဲ့ ထိန်းချုပ်ထားပြီး လူကြီးလေးယောက်အထိ တင်ဆောင်နိုင်စွမ်းရှိပါတယ်။ အောက်တိုဘာလ တရုတ်အမျိုးသားနေ့ အားလပ်ရက်မှာ Enshi မြို့မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီးနောက် Song Xingyu က ရူပဗေဒရဲ့ ကန့်သတ်ချက်တွေကို ဆက်လက်စမ်းသပ်သွားဖို့ ရည်ရွယ်ထားသလို အနာဂတ်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့ကိုလည်း အများက မျှော်လင့်နေကြပါတယ်။

Ref : Bangkokpost