တရုတ် စက်ရုပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ NeodraDynamics Robotics ဟာ အရပ်အမြင့် ၁၃.၁ ပေနဲ့ အလေးချိန် ၁.၂ တန်ခန့်ရှိတဲ့ Neo1 လို့ခေါ်တဲ့ ကြီးမားတဲ့ လူတူစက်ရုပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ စက်ရုပ်ကို ၂၀၂၆ ခုနှစ် တရုတ် အပြည်ပြည်ဆိုင်ရာ စက်မှုပြပွဲမှာ JD Industrial နဲ့အတူ ပြသခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပေကျင်းမြို့မှာ လူအများ စိတ်ဝင်စားအောင် ထုတ်ပြခဲ့ဖူးပါတယ်။

 

အဲဒီ စက်ရုပ်မှာ ဟိုက်ဒရောလစ် အက်ခ်ကျူရေတာ ၃၉ ခုနဲ့ လျှပ်စစ်မောင်းနှင်တဲ့ လက်ဖျံ လှည့်ပတ်ဆုံချက် နှစ်ခု အပါအဝင် လှုပ်ရှားနိုင်စွမ်း ဒီဂရီ ၄၁ ခုအထိ ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သူ့ရဲ့ လက်နှစ်ဖက်ဟာ ပေါင်းစပ်ပြီး ကီလိုဂရမ် ၅၀၀ ဒါမှမဟုတ် ပေါင် ၁,၁၀၂ အထိ အလေးချိန်ကို အလွယ်တကူ သယ်ဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ အဲဒီ အချက်အလက်တွေဟာ ကုမ္ပဏီက တရားဝင် ထုတ်ပြန်ထားတာဖြစ်ပြီး သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းရဲ့ အတည်ပြုချက်ကိုတော့ အခုချိန်ထိ မရသေးပါဘူး။ အဲဒီ စက်ရုပ်ကို လေးလံတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ တပ်ဆင်တာ၊ ကုန်ပစ္စည်း ကိုင်တွယ်တာ၊ မိုင်းတွင်းလုပ်ငန်းနဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး အဓိက ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Ref : Technology Innovation