လူပုံစံတူစက်ရုပ်တွေ အလုပ်အသစ်တွေကို သင်ယူနိုင်ပြီး မရင်းနှီးတဲ့ပတ်ဝန်းကျင်တွေမှာ အလုပ်လုပ်နိုင်အောင် ကူညီပေးမယ့် AI နည်းပညာ ဖန်တီးဖို့ အမေရိကန် Startup ကုမ္ပဏီ Embo ဟာ ရန်ပုံငွေ ဒေါ်လာ သန်း ၁၁၀ ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့တဲ့ အဲဒီရန်ပုံငွေရှာဖွေမှုကို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Andreessen Horowitz က ဦးဆောင်ခဲ့ပြီး Khosla Ventures၊ DST Global နဲ့ NVIDIA ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွဲဖြစ်တဲ့ NVentures တို့ကလည်း ပံ့ပိုးပါဝင်ခဲ့ကြပါတယ်။

Embo ကုမ္ပဏီဟာ လူသားတွေက စက်ရုပ်တွေကို အလုပ်တစ်ခုချင်းစီ လိုက်သင်ပေးနေရမယ့်အစား အင်တာနက်ဗီဒီယိုတွေ၊ ကွန်ပျူတာစမ်းသပ်ပုံစံတူတွေနဲ့ တကယ့်စက်ရုပ်တွေဆီက စုဆောင်းထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။ ကုမ္ပဏီရဲ့ ပန်းတိုင်ကတော့ စက်ရုပ်တွေအနေနဲ့ ပြင်ပလောက ဘယ်လိုလည်ပတ်နေလဲဆိုတာ နားလည်စေဖို့၊ ပစ္စည်းဝတ္ထုတွေကို မှတ်မိစေဖို့နဲ့ အရင်က မကြုံဖူးတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိရှိစေဖို့ ဖြစ်ပါတယ်။

ဥပမာအားဖြင့် စက်ရုပ်တစ်ရုပ်ဟာ မရင်းနှီးတဲ့ ပစ္စည်းတွေကို ကောက်ယူတတ်အောင် ဒါမှမဟုတ် အလုပ်လုပ်နေချိန် မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Embo ဟာ အဲဒီနည်းပညာကို ဆက်လက်ဖန်တီးနေဆဲ အဆင့်မှာပဲ ရှိနေသေးပြီး သူတို့ရဲ့စနစ်က လက်တွေ့လောကမှာ အဲဒီအလုပ်တွေကို စိတ်ချယုံကြည်စွာ လုပ်ဆောင်နိုင်ကြောင်း သက်သေမပြနိုင်သေးပါဘူး။
Ref : Technology Innovation





