၂၀၈၀ ပြည့်လွန်နှစ်တွေမှာ လူတူစက်ရုပ်အရေအတွက်ဟာ ၁၀ ဘီလီယံကို ကျော်လွန်သွားနိုင်ပြီး ကမ္ဘာ့လူဦးရေထက်ကို ပိုများလာနိုင်တယ်လို့ အမေရိကန်နဲ့ ဥရောပ သုတေသီတွေရဲ့ လတ်တလော လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေဟာ ၂၀၈၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်လောက်မှာ ၁၀.၃ ဘီလီယံအထိ အမြင့်ဆုံးရောက်ရှိမှာဖြစ်ပြီး အဲဒီနောက်မှာ တဖြည်းဖြည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။

 

အဲဒီလို လူတူစက်ရုပ်တွေ လူသားတွေထက် ပိုများလာမယ့် အခြေအနေဟာ ၂၀၈၃ ခုနှစ်ဝန်းကျင်မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်နဲ့ အစိတ်အပိုင်းတွေ ရရှိဖို့ လိုအပ်တဲ့အပြင် စက်ရုပ်တွေ ကိုယ်တိုင်က သူတို့ကိုသူတို့ ပြန်လည်ထုတ်လုပ်နိုင်စွမ်း ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလို အရေအတွက် ပိုများလာတာဟာ လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးအရ လွှမ်းမိုးသွားတာမျိုးနဲ့ မမှားယွင်းသင့်ဘူးလို့ သုတေသီတွေက အလေးပေး ပြောကြားထားပါတယ်။

 

လက်ရှိအချိန်မှာ စက်ရုံတွေ၊ ဂိုဒေါင်တွေ၊ အိမ်အကူနဲ့ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ လူတူစက်ရုပ် အရေအတွက် ၁၀,၀၀၀ ခန့် ရှိနေပါတယ်။ ဈေးကွက်ခန့်မှန်းချက်တွေအရ ၂၀၅၀ ပြည့်နှစ်မှာ လူတူစက်ရုပ် ၁ ဘီလီယံကျော် ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ အကယ်၍ စက်ရုပ်တွေ ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ စနစ်သာ မရှိဘူးဆိုရင်တော့ လက်ရှိ တိုးတက်မှုနှုန်းအရ ၂၁၀၀ ပြည့်နှစ်မှာ စက်ရုပ် ၄ ဘီလီယံဝန်းကျင်သာ ရှိလာမှာဖြစ်ပြီး လူဦးရေထက် အများကြီး နည်းပါးနေဦးမှာ ဖြစ်ပါတယ်။

Ref : Bangkokpost