Apple ရဲ့ ဈေးအကြီးဆုံးနဲ့ လူစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်တဲ့ ခေါက်ချိုး iPhone Duo စမတ်ဖုန်း အသစ်ဟာ စတင်ရောင်းချပြီး သုံးရက်အကြာမှာပဲ ကြီးမားတဲ့ ပြဿနာတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒေါ်လာ ၁၉၉၉ တန်ဖိုးရှိတဲ့ အဲဒီ ဖုန်းကို ဝယ်ယူပြီး နာရီပိုင်းအတွင်းမှာတင် အတွင်းဘက် မျက်နှာပြင် ကွဲအက်တာနဲ့ ပတ္တာနားမှာ အလင်းတန်းတွေ ပေါ်လာတဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေကို Apple က တရားဝင် အသိအမှတ်ပြုထားပြီး ထိခိုက်မှုရှိတဲ့ ဖုန်းတွေကို AppleCare ကနေတစ်ဆင့် အခမဲ့ အစားထိုး လဲလှယ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

Reddit လူမှုကွန်ရက်မှာ အသုံးပြုသူတွေက သူတို့ရဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို မျှဝေထားကြပါတယ်။ ဩစတြေးလျက ဝယ်ယူသူ တစ်ဦးဆိုရင် ဖုန်းဝယ်ပြီး ၆ နာရီအတွင်း အခါ ၂၀ တောင် မခေါက်ရသေးခင်မှာတင် ကျယ်လောင်တဲ့ အသံမြည်ပြီး မျက်နှာပြင် ကွဲအက်သွားခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ Dallas က နောက်ထပ် အသုံးပြုသူ တစ်ဦးကလည်း ဖုန်းပတ္တာဟာ ပုံမှန်မဟုတ်ဘဲ တင်းကျပ်နေပြီး အသံကျယ်ကြီး မြည်ကာ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကံကောင်းတာ တစ်ချက်ကတော့ သူတို့ နှစ်ဦးစလုံးဟာ Apple Store မှာ ဖုန်းအသစ်တွေကို ချက်ချင်း လဲလှယ်ခွင့် ရရှိခဲ့ကြပါတယ်။

ဒီလို စိတ်ပျက်စရာ ကနဦး ချို့ယွင်းချက်တွေဟာ တန်ဖိုးကြီးမားတဲ့ ဖုန်းတစ်လုံးအပေါ် ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လို့ RKS Design ရဲ့ အမှုဆောင်အရာရှိချုပ် Ravi Sawhney က သုံးသပ်ထားပါတယ်။ လက်ရှိအချိန်မှာ Apple အနေနဲ့ ပြဿနာရဲ့ အကြောင်းရင်း အတိအကျနဲ့ ထိခိုက်မှု အရေအတွက်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် အဲဒီ ပြဿနာတွေကို ဘယ်လို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာဟာ ခေါက်ချိုး စမတ်ဖုန်း ဈေးကွက်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ Apple အတွက် အရေးအကြီးဆုံး စမ်းသပ်ချက်တစ်ခု ဖြစ်နေပါတယ်။
Ref : nypost


