Android ဖုန်းတွေပေါ်က ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အသုံးပြုသူတွေဆီက ခွင့်ပြုချက် သေသေချာချာ မတောင်းဘဲ ရယူခဲ့တဲ့အတွက် အီတလီက Meta ကုမ္ပဏီကို ယူရို ၈၀၅ သန်း (အမေရိကန်ဒေါ်လာ ၈၈၇ သန်း) ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို ၂၀၂၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အသုံးပြုသူတွေရဲ့ ဖုန်း Gallery ထဲက ပုံတွေနဲ့ ဗီဒီယိုတွေကို Facebook ပေါ်မှာ မျှဝေဖို့ အကြံပြုပေးတာ ဖြစ်ပါတယ်။

အီတလီရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှု စောင့်ကြည့်ရေးအဖွဲ့က Facebook ဟာ သူတို့ရဲ့ ဓာတ်ပုံတွေကို ဘယ်လို အသုံးပြုမယ်ဆိုတာ သေသေချာချာ မပြောပြခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေကို လက်ခံဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ သီးခြား ရွေးချယ်ခွင့် မပေးဘဲ အလိုအလျောက် ဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် အီတလီနိုင်ငံမှာရှိတဲ့ Android အသုံးပြုသူ သန်း ၂၀ လောက် သက်ရောက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Meta အနေနဲ့ အဲဒီလုပ်ဆောင်ချက်ကို အလိုအလျောက် ပိတ်ထားဖို့နဲ့ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ရှင်းပြပြီးမှ သီးခြား ခွင့်ပြုချက် တောင်းခံဖို့ ညွှန်ကြားခံခဲ့ရပါတယ်။ ဒါပေမယ့် Meta ကတော့ ဒီဆုံးဖြတ်ချက်ကို သဘောမတူဘဲ အယူခံဝင်သွားမယ်လို့ ပြောကြားထားပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဒီစုံစမ်းစစ်ဆေးမှုမှာ Meta ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို AI မော်ဒယ်တွေ လေ့ကျင့်ဖို့ အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ သိရပါတယ်။
Ref : Technology Innovation




