ဂျပန်နိုင်ငံမှာ ဆောင်းခိုဖို့ အစာရှာထွက်လာတဲ့ ဝက်ဝံတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် Akita Prefectural တက္ကသိုလ်က Hacchan လို့ အမည်ပေးထားတဲ့ စက်ရုပ်ခွေးလေးတွေကို တီထွင်နေပါတယ်။ အဲဒီ စက်ရုပ်ခွေးလေးတွေကို အရင်ခေတ်က မုဆိုးတွေနဲ့ အတူလိုက်ပါလေ့ရှိတဲ့ အကီတာ အမဲလိုက်ခွေးတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုပ်တွေဟာ ဝက်ဝံတွေကို ရန်ပြုဖို့ မဟုတ်ဘဲ ခြောက်လှန့်မောင်းထုတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ရွာတွေ၊ စိုက်ခင်းတွေရဲ့ အစွန်အဖျားမှာ ထားရှိမှာဖြစ်ပြီး ဝက်ဝံတွေကို ကင်မရာကနေ တွေ့ရှိတဲ့အခါ အသံချဲ့စက်ကနေ ခွေးဟောင်သံ အကျယ်ကြီး ဖွင့်ပြီး တောထဲကို ပြန်ပြေးသွားအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ စက်ရုပ်ခွေးလေးတွေဟာ သူတို့ရဲ့ တည်နေရာကို အချင်းချင်း ချိတ်ဆက်မျှဝေနိုင်ပြီး ဝက်ဝံတွေကို ပိုမိုကြောက်လန့်သွားအောင် အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ဒီစက်ရုပ်ခွေးလေးတွေကို ဒီနှစ်ကုန်ပိုင်းမှာ စမ်းသပ်အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။
Ref : soranews24





