တရုတ်နိုင်ငံတဝန်းမှာ အလုပ်လက်မဲ့တွေနဲ့ လူငယ်တွေအတွက် စက်ရုပ်တွေကို အလုပ်တွေ သင်ကြားပေးရတဲ့ စက်ရုပ်လေ့ကျင့်ရေးသမား အလုပ်အကိုင်သစ်တစ်ခု လူကြိုက်များလာပါတယ်။ အဲဒီလေ့ကျင့်ရေးသမားတွေဟာ အဝတ်အစားခေါက်တာ၊ ပန်းကန်ဆေးတာနဲ့ ပုလင်းအဖုံးဖွင့်တာလိုမျိုး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို motion-capture ကိရိယာတွေနဲ့ လုပ်ပြပြီး ဒေတာကောက်ယူပေးနေကြပါတယ်။ အဲဒီလို ရရှိလာတဲ့ ဒေတာတွေကို နောင်လာမယ့် စက်ရုပ်တွေ မီးဖိုချောင်၊ စက်ရုံနဲ့ စူပါမားကတ်တွေမှာ ကျွမ်းကျင်စွာ အလုပ်လုပ်နိုင်ဖို့ လေ့ကျင့်သင်ကြားရေးမှာ အသုံးပြုပါတယ်။

အဲဒီလို အလုပ်အကိုင်မျိုးတွေဟာ လစာ ယွမ် ၄,၀၀၀ ကနေ ၆,၀၀၀ အထိ (အမေရိကန်ဒေါ်လာ ၆၀၀ နဲ့ ၉၀၀ ကြား) ရရှိနိုင်တာ ကြောင့် အလုပ်အကိုင်ရှားပါးနေသူတွေနဲ့ လူငယ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ လျူယွန်းက မော်တော်ယာဉ်လုပ်ငန်းမှာ အလုပ်လက်မဲ့ဖြစ်သွားပြီးနောက် အသက်အရွယ် ကြောင့် အလုပ်သစ်ရှာရခက်ခဲချိန်မှာ အဲဒီအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေကျင်းမြို့ရှိ စတူဒီယိုတစ်ခုမှာ သူမဟာ အာရုံခံလက်ပတ်နဲ့ လက်ချောင်း ချစ်ပ်ပြားတွေကို တပ်ဆင်ပြီး ခွက်ရွှေ့တာ၊ မျက်နှာပြင်သန့်စင်တာလို လှုပ်ရှားမှုတွေကို ကွန်ပျူတာမျက်နှာပြင် လမ်းညွှန်ချက်တွေအတိုင်း အခါခါ ပြုလုပ်ပြရပါတယ်။ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ စောင့်ကြည့်နေပြီး နေ့စဉ် ပုံစံနမူနာ လုပ်ဆောင်ချက် အခု ၁၆၀ ပြီးမြောက်ဖို့ သတ်မှတ်ထားပြီး ထူးချွန်သူတွေကတော့ ၂၆၀ ကျော်အထိ လုပ်ဆောင်နိုင်ကြပါတယ်။ လူသားတွေက စက်ရုပ်တွေကို အလုပ်သင်ကြားပေးနေပေမဲ့ နောင်တစ်ချိန်မှာ အဲဒီစက်ရုပ်တွေကပဲ သူတို့ရဲ့ နေရာကို အစားထိုးဝင်ရောက်လာ နိုင်တယ်လို့ ရှုမြင်ကြပါတယ်။
Ref : South China Morning Post




