Apple က Touchscreen အသုံးပြုနိုင်တဲ့ 14-inch နဲ့ 16-inch MacBook Pro မော်ဒယ်သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ PROLED XDR လို့ အမည်ပေးထားတဲ့ OLED မျက်နှာပြင်သစ်ကို အသုံးပြုထားပြီး Mac သမိုင်းမှာ ပထမဆုံး Touchscreen ပါဝင်လာတာ ဖြစ်ပါတယ်။ အဲဒီ ကွန်ပျူတာတွေကို အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင်ရရှိမှာ ဖြစ်ပါတယ်။

 

မျက်နှာပြင်မှာ Touch Sensor ကို တိုက်ရိုက်ထည့်သွင်းထားတာကြောင့် App တွေကို အလွယ်တကူ ထိတွေ့အသုံးပြုနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ Graphic Designer တွေ၊ ဂီတပညာရှင်တွေနဲ့ App Developer တွေလို ပညာရှင်တွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို ထိတွေ့ချိန်မှာ ငြိမ်နေစေဖို့ Hinge (ပတ္တာ) ကို ပြန်လည်ဒီဇိုင်းထုတ်ထားပြီး ဗီဒီယိုခေါ်ဆိုမှုတွေမှာလည်း ရုပ်ထွက်မတုန်ခါစေဖို့ အလိုအလျောက် ထိန်းညှိပေးမှာ ဖြစ်ပါတယ်။

 

အဲဒီ OLED မျက်နှာပြင်ဟာ အမှောင်ဖက်ပိုင်းကို ပိုမိုပီပြင်စွာ ပြသပေးနိုင်ပြီး အမြင့်ဆုံး Brightness 2,000 nits အထိ ရရှိနိုင်ပါတယ်။ မျက်နှာပြင်အပေါ်ဘက်မှာတော့ ကင်မရာ Notch အစား iPhone တွေမှာလို Dynamic Island ပါဝင်လာပါတယ်။ အရင်မော်ဒယ်တွေထက် အလေးချိန် ပိုမိုပေါ့ပါးလာတဲ့အပြင် ဘက်ထရီသက်တမ်းအနေနဲ့ ၂၄ နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

ဒီ MacBook Pro အသစ်တွေမှာ M5 Pro ဒါမှမဟုတ် M5 Max Chip တွေကို အသုံးပြုထားပါတယ်။ စျေးနှုန်းတွေအနေနဲ့ 14-inch M5 Pro ကို ဒေါ်လာ ၂,၈၉၉ ၊ 16-inch M5 Pro ကို ဒေါ်လာ ၃,၃၉၉ ၊ 14-inch M5 Max ကို ဒေါ်လာ ၄,၄၉၉ နဲ့ 16-inch M5 Max ကို ဒေါ်လာ ၄,၇၉၉ အသီးသီး သတ်မှတ်ထားပါတယ်။ Memory 128GB နဲ့ Storage 16TB အထိ ရွေးချယ်နိုင်ပြီး Headphone Jack၊ HDMI၊ Memory Card Slot နဲ့ MagSafe Charging စတဲ့ အရေးပါတဲ့ Port တွေပါဝင်ပါတယ်။

Ref : phandroid