ကမ္ဘာကျော် ChatGPT ကို ဖန်တီးထားတဲ့ OpenAI ကုမ္ပဏီဟာ အများပြည်သူဆီ စတော့ရှယ်ယာ ပထမဆုံးအကြိမ် ထုတ်ရောင်းဖို့ (IPO) အတွက် လျှို့ဝှက်လျှောက်ထားလိုက်ပြီ ဖြစ်တာကြောင့် မကြာသေးခင်ကမှ စတော့ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းပြင်နေတဲ့ ပြိုင်ဘက် အီလွန်မတ်စ်ရဲ့ SpaceX နဲ့ Anthropic ကုမ္ပဏီတို့နဲ့အတူ နည်းပညာလောကမှာ ရင်ခုန်စရာ အကောင်းဆုံး ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာတော့မှာပါ။ ဒီကုမ္ပဏီကြီး ၃ ခုရဲ့ ရှယ်ယာရောင်းချမှုဟာ ဒေါ်လာဘီလီယံပေါင်း ရာနဲ့ချီတဲ့အထိ ရှိလာနိုင်ပြီး၊ သာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက် နာမည်ကြီး AI ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။

OpenAI အနေနဲ့ ရှယ်ယာတွေကို ဘယ်လောက်ဈေးနဲ့ ဘယ်တော့ ရောင်းမယ်ဆိုတာကို လျှို့ဝှက်ထားဆဲဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ်နဲ့ လုပ်ရကိုင်ရ ပိုလွယ်ကူတဲ့ အစီအစဉ်အချို့ ရှိနေသေးတာကြောင့် အချိန်အနည်းငယ် ယူရနိုင်ပါသေးတယ်။ ဒါပေမယ့် အခြေအနေအရ အကောင်းဆုံးဖြစ်မယ့် အချိန်မှာ ချက်ချင်းဈေးကွက်ထဲ တိုးဝင်နိုင်အောင် အခုလို ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ တစ်ခါ အများပြည်သူပိုင်ကုမ္ပဏီ ဖြစ်လာပြီဆိုရင်တော့ AI နည်းပညာတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေရတဲ့ OpenAI ရဲ့ ဘဏ္ဍာရေးအခြေအနေ အမှန်ကို ဝေါစထရိ (Wall Street) ဈေးကွက်က အကဲခတ်ခွင့် ရတော့မှာပါ။

ပြီးခဲ့တဲ့ မတ်လက ဒေါ်လာ ၁၂၂ ဘီလီယံ ထပ်မံရရှိခဲ့ပြီးနောက် OpenAI ရဲ့ ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၈၅၂ ဘီလီယံအထိ ရှိလာခဲ့ပေမယ့် အဲဒီတန်ဖိုးနဲ့ ကိုက်ညီတဲ့ ဝင်ငွေအစစ်အမှန် ရှာပြနိုင်ဖို့ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီဟာ ChatGPT အတွက် တစ်လ ၈ ဒေါ်လာတန် အစီအစဉ်အသစ်နဲ့ ကြော်ငြာစနစ်တွေကို မိတ်ဆက်ခဲ့သလို၊ ဝဘ်ဘရောက်ဆာ (Web Browser) ဖန်တီးတာ၊ ကိုယ်ပိုင်အီလက်ထရွန်နစ်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ပြင်ဆင်တာမျိုးတွေပါ လုပ်ဆောင်ပြီး သူတို့မှာ ChatGPT တစ်ခုတည်း ရှိတာမဟုတ်ကြောင်း သက်သေပြနေပါတယ်။ လတ်တလောမှာတော့ ပြီးခဲ့တဲ့မေလက ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၉၆၅ ဘီလီယံအထိ မြင့်တက်ပြီး OpenAI ကို ကျော်တက်သွားတဲ့ ပြိုင်ဘက် Anthropic ကုမ္ပဏီနဲ့အတူ စျေးကွက်ကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ပြိုင်ဆိုင်နေရပါတယ်။
Ref : cnn