၁၉၆၀ ပြည့်နှစ်ကတည်းက Science ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် သောကြာနေ့မှာ ကမ္ဘာကြီး ပျက်စီးသွားလိမ့်မယ်လို့ သိပ္ပံပညာရှင် သုံးဦးက ဟောကိန်းထုတ်ထားပါတယ်။ အဲဒီလေ့လာမှုကို အီလီနွိုက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဖြစ်တဲ့ Heinz von Foerster, Patricia M. Mora နဲ့ Lawrence W. Amiot တို့က ရေးသားခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ လူမှုအသိုင်းအဝိုင်းရေစီးကြောင်းကို လေ့လာအခြေခံထားတာ ဖြစ်ပါတယ်။

ကမ္ဘာပျက်မယ့် အကြောင်းရင်းဟာ နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် မဟုတ်ဘဲ လူဦးရေ အဆမတန် တိုးပွားလာမှုကြောင့်ဖြစ်တယ်လို့ သူတို့က သုံးသပ်ထားပါတယ်။ လေ့လာမှုထုတ်ပြန်ချိန်က ကမ္ဘာ့လူဦးရေဟာ သန်း ၃,၀၀၀ ခန့်သာရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ၈ ဒသမ ၃ ဘီလီယံလောက်အထိ မြင့်တက်လာပြီဖြစ်ကာ မကြာခင်လပိုင်းအတွင်းမှာ ကမ္ဘာ့လူဦးရေဟာ အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်ရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီလေ့လာမှုကို ပူးတွဲရေးသားခဲ့တဲ့ သြစတြီးယား-အမေရိကန် သိပ္ပံပညာရှင် von Foerster ဟာ ၁၉၉၅ ခုနှစ်ကတည်းက ဉာဏ်ရည်တု (AI) နည်းပညာရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ကြိုတင်သတိပေးမှုတွေ လုပ်ခဲ့သူဖြစ်ပါတယ်။ AI တွေက လူတွေလို တွေးခေါ်နိုင်တယ်လို့ ယူဆတာဟာ အန္တရာယ်ရှိတယ်လို့ သူက ထောက်ပြခဲ့ဖူးတဲ့အတွက် သူ့ရဲ့ ကမ္ဘာပျက်မယ့် ဟောကိန်းဟာ အခုချိန်မှာ ပိုပြီး စိုးရိမ်စရာကောင်းနေတာ ဖြစ်ပါတယ်။
Ref : dailystar