Google က လာမယ့် ဩဂုတ်လ ၂၀ ရက်နေ့မှာ Pixel 10, Pixel 10 Pro, Pixel 10 Pro XL နဲ့ Pixel 10 Pro Fold တို့အပြင် Pixel Watch 4 နဲ့ Pixel Buds 2a တို့ကိုပါ တစ်ပြိုင်နက် မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီမိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ ဒီထုတ်ကုန်တွေအားလုံးရဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေက အကြိမ်ပေါင်းများစွာ ပေါက်ကြားခဲ့ပြီး တစ်ခါတစ်လေ တစ်နေ့တည်းမှာပဲ အကြိမ်ကြိမ် ပေါက်ကြားခဲ့တာတွေ ရှိပါတယ်။ Google ကိုယ်တိုင်ကလည်း သူတို့ရဲ့ မျိုးဆက်သစ် ထုတ်ကုန်တွေအကြောင်းကို နည်းနည်းချင်း အရိပ်အမြွက်ပြသနေခဲ့တာပါ။ ဒီနေ့မှာတော့ ကုမ္ပဏီက သူတို့ရဲ့ YouTube channel မှာ Teaser video အသစ်တစ်ခု တင်ခဲ့ပြီး အဲဒီဗီဒီယိုက Apple ကို တည့်တည့်ကြီး ပစ်မှတ်ထား သရော်ထားတာကို တွေ့ရပါတယ်။
ဗီဒီယိုရဲ့ အဓိကအကြောင်းအရာက Apple ရဲ့ အမြဲတမ်း နှောင့်နှေးနေတဲ့ AI လုပ်ဆောင်ချက်တွေအကြောင်းပါပဲ။ ဗီဒီယိုထဲက နောက်ခံစကားပြောသူက “မကြာမီ ရောက်ရှိလာမည်” ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုကြောင့် ဖုန်းအသစ်ဝယ်ခဲ့ပြီး အဲဒီ “မကြာမီ” ဆိုတာက တစ်နှစ်လောက် ကြာနေပြီဆိုရင်တော့ (ဒါကတော့ နာကျင်စရာပါပဲ)၊ ခင်ဗျားအနေနဲ့ “မကြာမီ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားသင့်တယ်၊ ဒါမှမဟုတ် ဖုန်းပြောင်းသင့်ပြီလို့ ပြောသွားပါတယ်။
Google ကတော့ စိတ်ပျက်နေတဲ့ Apple သုံးစွဲသူတွေ Pixel ဘက်ကို ပြောင်းလာစေချင်မှာ သေချာပါတယ်။ Google က အဲဒီလို သုံးစွဲသူတွေ ရှိတယ်လို့ ယူဆထားပေမယ့် တကယ်တမ်းမှာတော့ အဲဒီလိုလူတွေ အများကြီး မရှိပါဘူး။ Google ရဲ့ စမတ်ဖုန်းရောင်းအားကို သိသိသာသာ သက်ရောက်မှုရှိစေလောက်တဲ့ အရေအတွက်အထိတော့ ဘယ်လိုမှ မရှိနိုင်တာ သေချာပါတယ်။
နောက်ထပ် မှတ်သားစရာကောင်းတဲ့ အချက်ကတော့ Google ရဲ့ Teaser video မှာ Dr. Dre နဲ့ Snoop Dogg တို့ရဲ့ The Next Episode သီချင်းရဲ့ တီးလုံးသီးသန့်ကို အသုံးပြုထားတာပါပဲ။ ဘာကြောင့်လဲဆိုတော့ Dr. Dre က သူ့ရဲ့ Beats ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ Apple ဆီ ရောင်းချခဲ့တာကြောင့်ပါ။ Google က Dr. Dre ရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို တမင်သက်သက် ရွေးချယ်ခဲ့တာဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်လောက်ဘူးလို့ ယူဆရပါတယ်။
Ref : gsmarena