တရုတ်နိုင်ငံအနောက်တောင်ပိုင်း Sichuan ပြည်နယ်၊ Chengdu မြို့မှာ ကျင်းပခဲ့တဲ့ တရုတ်-အမေရိကန် အဆိုတော် Wang Leehom ရဲ့ ဂီတဖျော်ဖြေပွဲမှာ Humanoid စက်ရုပ် ၆ ရုပ် စင်ပေါ်တက်ရောက် ကပြခဲ့တာကြောင့် လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အမေရိကန် နည်းပညာ သူဌေးကြီး Elon Musk ကလည်း X (Twitter) ပေါ်မှာ သက်ဆိုင်ရာ ဗီဒီယိုတစ်ခုကို ပြန်လည်မျှဝေပြီး “Impressive” (အထင်ကြီးစရာပဲ) လို့ မှတ်ချက်ပေး ချီးကျူးခဲ့ပါတယ်။

ကြာသပတေးနေ့က Chengdu မှာ ပြုလုပ်တဲ့ Wang Leehom ရဲ့ Concert မှာ ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ Humanoid စက်ရုပ် ၆ ရုပ် စင်ပေါ် ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့တွေက Wang Leehom “Open Fire” သီချင်းသီဆိုနေချိန်မှာ အတူတွဲဖက် ကပြဖျော်ဖြေခဲ့ကြတာလို့ Hangzhou Daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ စက်ရုပ်တွေက လက်ဝှေ့ယမ်းတာ၊ ခြေထောက်ခါတာ၊ လှည့်တာနဲ့ ခုန်တာ စတဲ့ ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေကို တပြိုင်နက်တည်း ညီညီညာညာ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ဗီဒီယိုဖိုင်တွေအရ စက်ရုပ်တွေဟာ စက်ရုပ်ဆန်ဆန် လှုပ်ရှားမှုတွေကို ထပ်ခါတလဲလဲ လုပ်နေတာမျိုး မဟုတ်ဘဲ သီချင်းစည်းချက်နဲ့အညီ တသားတည်းကျအောင် ကပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖျော်ဖြေမှု အဆုံးမှာတော့ အားလုံးက ပြိုင်တူ Webster flip (ကျွမ်းထိုး) လုပ်ပြပြီး ပွဲသိမ်းခဲ့ကြပါတယ်။

Video: China's humanoid robots steal the show at Chengdu concert

ဒီဖျော်ဖြေပွဲမှာ ပါဝင်ခဲ့တဲ့ Humanoid စက်ရုပ် ၆ ရုပ်ဟာ Hangzhou အခြေစိုက် Unitree Robotics ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ကြောင်း Hangzhou Daily က ဆိုပါတယ်။

စက်ရုပ်တွေရဲ့ ဖျော်ဖြေမှုက Musk ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သောကြာနေ့မှာတော့ သူက X ပေါ်မှာ “တရုတ်ပြည်က စက်ရုပ်တွေက အကုန်လုပ်နိုင်နေပြီ၊ စင်ပေါ်မှာ ပရော်ဖက်ရှင်နယ်တွေလိုတောင် ကပြနေကြပြီ” ဆိုတဲ့ ပို့စ်ကို Retweet လုပ်ပြီး “Impressive” လို့ မှတ်ချက်ပေးခဲ့တာပါ။

ဒါ့အပြင် တရုတ်လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ဒီစက်ရုပ်တွေရဲ့ ဖျော်ဖြေမှုအကြောင်း ပြောဆိုဆွေးနွေးမှုတွေ များပြားနေပြီး တချို့က စက်ရုပ်တွေ ဘယ်လောက်မိုက်ကြောင်း အံ့သြတကြီး ပြောဆိုနေကြပါတယ်။

Sina Weibo အသုံးပြုသူတစ်ယောက်က သက်ဆိုင်ရာ ဗီဒီယိုအောက်မှာ “ဒီနှစ် Spring Festival Gala တုန်းက လက်ကိုင်ပဝါ လှည့်ပြတဲ့ စက်ရုပ်တွေကိုပဲ မြင်ခဲ့ရသေးတယ်၊ တစ်နှစ်တောင် မပြည့်သေးဘူး အခုဆို ကျွမ်းထိုးပြတာတောင် မြင်နေရပြီ” လို့ ရေးသားထားပါတယ်။

နောက်တစ်ယောက်ကတော့ “Live Show က တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်၊ အစက စက်ရုပ်တွေမှန်းတောင် မသိလိုက်ဘူး” လို့ ရေးသားထားပါတယ်။ တခြားသူ တော်တော်များများကလည်း စက်ရုပ်တွေရဲ့ Webster flips (ကျွမ်းထိုးမှု) ကို ကြည့်ပြီး အံ့သြမှင်သက်ခဲ့ရသလို လှုပ်ရှားမှုတွေက သွက်လက်ပြီး စတိုင်ကျတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Global Times