နည်းပညာပစ္စည်းတွေကို ဇိမ်ခံအနုပညာလက်ရာတွေအဖြစ် ပြောင်းလဲဖန်တီးလေ့ရှိတဲ့ Caviar ဟာ Billionaire’s Surprise လို့ခေါ်တဲ့ နှစ်သစ်ကူးလက်ဆောင် set အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ လီမိတက်အက်ဒီရှင်း (limited-edition) ပစ္စည်းကို ချမ်းသာတဲ့ ဝယ်ယူသူတွေအတွက် တန်ဖိုးကြီး စုဆောင်းစရာပစ္စည်းတစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီ set မှာ ပရီမီယံ ဘယ်လ်ဂျီယံချောကလက်နဲ့ အော်ဒါလုပ်ထားတဲ့ ရွှေစမတ်ဖုန်း (အများအားဖြင့် iPhone) တို့ကို ပေါင်းစပ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၂,၀၀၀ ( သိန်း ၅၀၀ နီးပါး)ကနေ စတင်ပါတယ်။

အဲဒီ set ရဲ့ အဓိကပစ္စည်းကတော့ Trebizond သစ်ကြားသီး (hazelnuts) တွေနဲ့ပြုလုပ်ပြီး စားလို့ရတဲ့ ရွှေရောင် glaze သုတ်ထားတဲ့ လက်လုပ် ချောကလက်ကြက်ဥအကြီးစား တစ်လုံးဖြစ်ပါတယ်။ ကြက်ဥထဲမှာ သီးသန့် case တစ်ခုကိုဖွင့်နိုင်တဲ့ ရွှေသော့တစ်ချောင်း ပါဝင်ပါတယ်။ အဲဒီ case ထဲမှာတော့ Gold Collection ထဲက Caviar စမတ်ဖုန်းတစ်လုံး ပါဝင်မှာဖြစ်ပါတယ်။

ဒီ concept က အံ့အားသင့်ရမှုအပေါ် အဓိကထားတယ်လို့ Caviar က ပြောပါတယ်။ လက်ဆောင်ရတဲ့သူက case ထဲမှာ ဘယ်ဖုန်းမော်ဒယ်ပါလဲဆိုတာ အတိအကျမသိဘဲ ကြက်ဥကို ခွဲရမှာပါ။ ကုမ္ပဏီက ဒီအတွေ့အကြုံကို ဇိမ်ခံထုံးတမ်းတစ်ခုအဖြစ် တင်ပြထားပြီး ပစ္စည်းကိုယ်တိုင်ထက် ရင်ခုန်စရာကောင်းတာနဲ့ ဖွင့်ကြည့်ရတာက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
Billionaire’s Surprise set တိုင်းမှာ ချောကလက်ကြက်ဥ၊ ရွှေသော့ပါတဲ့ သေတ္တာတစ်လုံး၊ စိတ်ကြိုက်ဖန်တီးထားတဲ့ ရွှေစမတ်ဖုန်းနဲ့ Caviar ရဲ့ နာမည်ကျော် အပြာရောင်အနက်ရောင် ပါကင် (packaging) တို့ပါဝင်ပါတယ်။ အပြင်ဘက်ပါကင်ကို သီးသန့်ဆန်မှုရှိစေဖို့ ထုထည်ရှိတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ စမတ်ဖုန်းမော်ဒယ်ကို ကြိုတင်ရွေးချယ်ထားပေမယ့် ဘူးဖွင့်တဲ့အချိန်မှာတော့ ဖုံးကွယ်ထားမှာ ဖြစ်ပါတယ်။
ချောကလက်ကြက်ဥတွေကို အများအပြားထုတ်လုပ်တာမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှာ ၃ လုံးပဲ ရရှိနိုင်မယ်လို့ Caviar က ပြောပါတယ်။ အရင်က ရွှေကွပ်ထားတဲ့ ဂက်ဂျက် (gadgets) တွေနဲ့ မွမ်းမံထားတဲ့ iPhone တွေကို ထုတ်လုပ်ခဲ့ပေမယ့် ဒါဟာ အစားအသောက်နဲ့ နည်းပညာကို လက်ဆောင် set တစ်ခုတည်းမှာ ပထမဆုံးအကြိမ် ပေါင်းစပ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒေါ်လာ ၁၂,၀၀၀ ဆိုတဲ့ ဈေးနှုန်းက ချောကလက်ကြက်ဥနဲ့ စိတ်ကြိုက်ဖန်တီးမှုအပါအဝင် အတွေ့အကြုံတစ်ခုလုံးအတွက် ဖြစ်ပါတယ်။ ရွေးချယ်တဲ့ ဖုန်းမော်ဒယ်အပေါ်မူတည်ပြီး နောက်ဆုံးကျသင့်ငွေက ကွာခြားနိုင်ပါတယ်။ Caviar က ဒီဖန်တီးမှုကို ချမ်းသာတဲ့ စုဆောင်းသူတွေ (သို့မဟုတ်) ထူးခြားတဲ့ ဇိမ်ခံအတွေ့အကြုံကို ရှာဖွေနေသူတွေအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Ref : gizmochina