ဥရောပ အာကာသအေဂျင်စီက အသက် ၃၃ နှစ်အရွယ် ဂျာမန် အာကာသအင်ဂျင်နီယာ Michaela Benthaus ဟာ အာကာသထဲကို သွားရောက်ခဲ့တဲ့ ပထမဆုံးသော ဘီးတပ်ကုလားထိုင်အသုံးပြုသူအဖြစ် သမိုင်းတွင်သွားပါတယ်။ သူမဟာ စနေနေ့မနက်ပိုင်းက တက္ကဆက်ပြည်နယ်မှာရှိတဲ့ Blue Origin ရဲ့ လွှတ်တင်ရေးစခန်းကနေ New Shepard ဒုံးပျံနဲ့ လိုက်ပါသွားပြီး အာကာသနယ်နိမိတ်လို့ သတ်မှတ်ထားတဲ့ ကာမန်မျဉ်း (Kármán Line) ကို ကျော်လွန်ကာ ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။

Michi Benthaus poses after her historic flight into space.

၂၀၁၈ ခုနှစ်က တောင်တက်စက်ဘီးစီးရင်း မတော်တဆမှုကြောင့် ခါးအောက်ပိုင်းသေသွားခဲ့တဲ့ Benthaus က အစောပိုင်းတုန်းကတော့ ဒီလိုအခြေအနေမျိုးနဲ့ အာကာသထဲသွားဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ သူမရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ NS-37 လို့ခေါ်တဲ့ အဲဒီမစ်ရှင်ဟာ ၁၀ မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး အသံထက် ၃ ဆမြန်တဲ့ အရှိန်နဲ့ ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ ၁၀၀ ကျော်အထိ ရောက်ရှိခဲ့တာပါ။

This Aerospace Engineer Just Became the First Wheelchair User to Travel to  Space

ယာဉ်ပေါ်မှာ ကမ္ဘာ့ဆွဲအားမဲ့နေတဲ့အချိန် ခြေထောက်တွေ လွတ်ထွက်မသွားအောင် အထူးကြိုးသိုင်းတစ်ခုကို အသုံးပြုခဲ့ရပြီး အဲဒီနည်းလမ်းက တော်တော်လေး အဆင်ပြေခဲ့တယ်လို့ သူမက ပြောပါတယ်။ လိုအပ်ရင်ကူညီဖို့ သူမရဲ့မိတ်ဆွေ SpaceX အမှုဆောင်ဟောင်း Hans Koenigsmann လိုက်ပါသွားပေမယ့် Benthaus ကတော့ အကူအညီသိပ်မလိုဘဲ ကမ္ဘာမြေရဲ့ အလှကိုကြည့်ရှုရင်း အလေးချိန်မဲ့တဲ့ အရသာကို ကောင်းကောင်းကြီး ခံစားနိုင်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အာကာသခရီးသွားလာမှုနယ်ပယ်မှာ လူတိုင်းပါဝင်နိုင်ခွင့်ရှိတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ Benthaus ဟာ ဒီခရီးစဉ်ကတစ်ဆင့် ကျောရိုးဒဏ်ရာသုတေသနအတွက် ရန်ပုံငွေရှာဖွေပေးနေသလို NASA အုပ်ချုပ်ရေးမှူးသစ် Jared Isaacman ကလည်း သူမရဲ့လုပ်ရပ်ဟာ သန်းနဲ့ချီတဲ့လူတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့တယ်လို့ ချီးကျူးစကား ဆိုထားပါတယ်။

Ref : cnn