တရုတ် လူတူစက်ရုပ် ကုမ္ပဏီ UBTECH Robotics က လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး Airbus နဲ့ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီသဘောတူညီချက်အရ Airbus ရဲ့ လေယာဉ်ထုတ်တဲ့ စက်ရုံတွေမှာ အသုံးပြုဖို့အတွက် UBTECH ရဲ့ နောက်ဆုံးပေါ် စက်မှုလုပ်ငန်းသုံး လူတူစက်ရုပ်ဖြစ်တဲ့ Walker S2 ကို ဝယ်ယူသွားမှာဖြစ်တယ်လို့ Shenzhen အခြေစိုက် ကုမ္ပဏီက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ အခုလို Airbus နဲ့ လက်တွဲလိုက်တာဟာ မနှစ်က အမေရိကန် ဆီမီးကွန်ဒတ်တာကုမ္ပဏီကြီး Texas Instruments နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းခဲ့ပြီးနောက်ပိုင်း လုပ်ငန်းနယ်ပယ် ချဲ့ထွင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ UBTECH Robotics အနေနဲ့ သူတို့ရဲ့ Humanoid စက်ရုပ်တွေကို တရုတ်နိုင်ငံတွင်း စက်မှုလုပ်ငန်းတွေအပြင် လေကြောင်း၊ မော်တော်ယာဉ်၊ 3C အီလက်ထရွန်နစ်၊ စမတ်ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ အဓိကကဏ္ဍ ၅ ခုအထိ တိုးချဲ့အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။

လူတူစက်ရုပ်တွေကို အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှု စွမ်းအားစုအသစ်တစ်ရပ်အဖြစ် စက်မှုလုပ်ငန်းခွင်တွေမှာ အသုံးပြုမှု တန်ဖိုးက ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် နှစ်ဖက်ကုမ္ပဏီအနေနဲ့ လေကြောင်းထုတ်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လူတူစက်ရုပ်တွေ ဖြန့်ကြက်အသုံးပြုမှုကို ပူးပေါင်းပြီး တိုးချဲ့လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ UBTECH Robotics ရဲ့ လူတူစက်ရုပ် အော်ဒါမှာယူမှုဟာ ယွမ် ၁.၄ ဘီလီယံ (ဒေါ်လာ သန်း ၂၀၀) ကျော်ရှိခဲ့ပြီး ကမ္ဘာ့နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ စက်မှုလုပ်ငန်းသုံး လူတူစက်ရုပ် ထုတ်လုပ်မှုစွမ်းရည်ဟာ အလုံးရေ သောင်းချီအထိ ရောက်ရှိလာဖို့ မျှော်မှန်းထားပြီး တရုတ်ဈေးကွက်အပြင် ဥရောပနဲ့ အမေရိကန် အပါအဝင် ပြည်ပ ကုန်ထုတ်လုပ်မှု ဈေးကွက်တွေဆီကိုပါ တဖြည်းဖြည်း တိုးချဲ့ဖြန့်ဖြူးနေပြီလို့ သိရပါတယ်။
Ref : Global Times