တရုတ် စက်ရုပ်နည်းပညာကုမ္ပဏီ MirrorMe Technology ဟာ Bolt လို့ အမည်ပေးထားတဲ့ လူသားအရွယ်အစားရှိ စက်ရုပ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီစက်ရုပ်ဟာ လက်တွေ့စမ်းသပ်မှုတွေမှာ တစ်စက္ကန့်ကို ၁၀ မီတာနှုန်းအထိ အမြင့်ဆုံး ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ခွဲခန်းပြင်ပမှာ စမ်းသပ်ခဲ့တဲ့ ဒီအရွယ်အစားရှိ လူသားပုံစံစက်ရုပ်တွေထဲမှာတော့ Bolt ဟာ အမြန်ဆုံးပြေးနိုင်တဲ့ စက်ရုပ်ဖြစ်တယ်လို့ MirrorMe က ပြောပါတယ်။

Bolt ဟာ အရပ် ၁၇၅ စင်တီမီတာ မြင့်ပြီး အလေးချိန် ၇၅ ကီလိုဂရမ် ရှိပါတယ်။ ခြေနှစ်ချောင်းနဲ့ မြန်မြန်ပြေးနိုင်ဖို့အတွက် အသစ်ဒီဇိုင်းထုတ်ထားတဲ့ အဆစ်တွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့ ပါဝါစနစ်တွေကို အသုံးပြုထားပါတယ်။
ဒီစက်ရုပ်ကို ပြသရာမှာ ကုမ္ပဏီတည်ထောင်သူ Wang Hongtao နဲ့အတူ ပြေးစက် (treadmill) ပေါ်မှာ ပြိုင်ပြေးစေခဲ့တာ ဖြစ်ပြီး Bolt ဟာ ခြေလှမ်းအကွာအဝေး တိုပေမယ့် ခြေလှမ်းနှုန်း ပိုမြန်မြန်နဲ့ ပြေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
Ref : Fossbytes