တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပေမယ့် သူ့ရဲ့ အသားတင်ကြွယ်ဝမှု ၀ ဒသမ ၁ ရာခိုင်နှုန်းအောက်ကိုသာ ငွေသားအဖြစ် ကိုင်ဆောင်ထားတယ်လို့ ပြောပါတယ်။

မတ်စ်ဟာ ထရီလီယံနာ ဖြစ်လာဖို့ အလားအလာ အရမ်းများတယ်လို့ ခန့်မှန်းထားတဲ့ Kalshi ကို X လူမှုကွန်ရက်မှာ ပြန်လည်ဖြေကြားချိန်မှာ အဲဒီမှတ်ချက်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ အသားတင်ကြွယ်ဝမှုဟာ တက်စ်လာနဲ့ SpaceX မှာ ပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကြောင့်သာ အဓိက ဖြစ်ပါတယ်။ ကျွန်တော့်မှာ ငွေသားက ၀ ဒသမ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်” လို့ မတ်စ်က ရေးသားခဲ့ပါတယ်။
တက်စ်လာနဲ့ SpaceX က ဝန်ထမ်းတွေဟာ စတော့ရှယ်ယာတွေ ရရှိကြပြီး တက်စ်လာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လက်လီနဲ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်ကြတယ်လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Forbes မဂ္ဂဇင်းက မတ်စ်ရဲ့ အသားတင်ကြွယ်ဝမှုကို ဒေါ်လာ ၈၄၉ ဒသမ ၃ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပြီး သူ့ရဲ့ ငွေသားပိုင်ဆိုင်မှုဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၈၅၀ ဝန်းကျင် ရှိမှာ ဖြစ်ပါတယ်။
Ref : Fossbytes