ဖုန်းအားခဏခဏသွင်းရတာ စိတ်ညစ်နေတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ 10,000mAh နဲ့ အဲဒီထက်ပိုကြီးတဲ့ ဘက်ထရီတွေပါဝင်တဲ့ စမတ်ဖုန်းလောကထဲကို မကြာခင်မှာ vivo လည်း ဝင်ရောက်လာတော့မယ့် ပုံရပါတယ်။ နာမည်ကြီး သတင်းပေးသူတစ်ဦးရဲ့ အဆိုအရ vivo ကုမ္ပဏီဟာ ဘက်ထရီပမာဏ အဆမတန်ကြီးမားတဲ့ ဖုန်းတစ်လုံးကို လက်ရှိမှာ လျှို့ဝှက်စမ်းသပ်နေတယ်လို့ သိရပါတယ်။

နာမည်ကျော် သတင်းပေးသူ Digital Chat Station ရဲ့ Weibo ပို့စ်မှာတော့ vivo ဟာ 10,000mAh ဆီလီကွန်-ကာဗွန် ဘက်ထရီတပ်ဆင်ထားတဲ့ ဖုန်းကို စမ်းသပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာက အဲဒီဖုန်းမှာ 4.53V single-cell ဆီလီကွန်ဘက်ထရီကို သုံးထားပြီး ဘက်ထရီရဲ့ ပုံမှန်ပမာဏဟာ 11,000mAh ကနေ 12,000mAh ကြားအထိတောင် အံ့မခန်း ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခါအားသွင်းထားရင် ရက်ပေါင်းများစွာ အေးဆေးသုံးလို့ရမယ့် သဘောပါပဲ။

ဒါပေမဲ့ ဒီဖုန်းကို အခုချက်ချင်းကြီး မြင်တွေ့ရဖို့တော့ မရှိသေးပါဘူး။ သေချာစမ်းသပ်မှုတွေ အများကြီး လုပ်ရဦးမှာမို့ အချိန်ယူရဦးမှာပါ။ နောက်ပြီး ဒီဖုန်းဟာ ဈေးကြီးတဲ့ Flagship မော်ဒယ်မျိုး မဟုတ်ဘဲ လူတန်းစားမရွေး ကိုင်နိုင်မယ့် အလယ်အလတ်အဆင့် ဖုန်း ဒါမှမဟုတ် ဂိမ်းဆော့တဲ့သူတွေအကြိုက် iQOO စီးရီးအနေနဲ့ ထွက်ပေါ်လာဖို့ ပိုများနေပါတယ်။
တကယ်တော့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာတင် တခြား စမတ်ဖုန်းကုမ္ပဏီတွေကလည်း 10,000mAh နဲ့ အဲဒီထက်ပိုများတဲ့ ဘက်ထရီပါတဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လာကြပါတယ်။ ဥပမာအနေနဲ့ Honor ဟာ 10,000mAh ပါတဲ့ Win နဲ့ Win RT ဖုန်းတွေကို မိတ်ဆက်ခဲ့သလို 10,080mAh အထိပါတဲ့ Honor Power2 ကိုပါ ဆက်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် 10,001mAh ဘက်ထရီပါဝင်တဲ့ Realme P4 Power လည်း ဈေးကွက်ထဲမှာ နေရာယူနေပြီ ဖြစ်ပါတယ်။ ဘက်ထရီအကြီးစား ဖုန်းတွေရဲ့ အပြိုင်အဆိုင်ခေတ် ရောက်လာပြီလို့တောင် ဆိုရမှာပါ။
Ref : gsmarena