Apple က လူတိုင်းစောင့်မျှော်နေကြတဲ့ ဈေးသက်သာတဲ့ iPhone 17e ကို ချပြလိုက်ပါတယ်။ အခုထွက်လာတဲ့ iPhone 17e ဟာ ပြီးခဲ့တဲ့နှစ်က 16e နဲ့ ပုံစံချင်း ဆင်တူပေမဲ့ အတွင်းပိုင်းပိုင်းဆိုင်ရာမှာတော့ သိသိသာသာ အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။

အကြီးမားဆုံး အပြောင်းအလဲကတော့ နောက်ဆုံးပေါ် A19 Chipset ကို အသုံးပြုထားတာဖြစ်ပြီး ဆက်သွယ်ရေးစနစ်အတွက်လည်း C1X modem အသစ်ကို ထည့်သွင်းပေးထားတာကြောင့် အရင်ကထက် လိုင်းဆွဲအား ပိုကောင်းလာမှာပါ။ ဖန်သားပြင်မှာတော့ ၆.၁ လက်မ OLED Screen ကိုပဲ ဆက်သုံးထားပေမဲ့ ဖုန်းမျက်နှာပြင်မှန်ကိုတော့ ပိုပြီးအကြမ်းခံတဲ့ Ceramic Shield 2 နဲ့ အဆင့်မြှင့်ထားပါတယ်။

နောက်ကျောကင်မရာကတော့ 48MP တစ်လုံးတည်း ဖြစ်ပေမဲ့ ပုံရိပ်ဖော်ဆောင်မှုနည်းပညာအသစ်ကြောင့် Portrait ရိုက်တဲ့အခါမှာ ပိုပြီးလှပကျနလာသလို 4K 60fps ဗီဒီယိုတွေကိုလည်း စိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 12MP ပါ။ အထူးခြားဆုံးကတော့ အခု iPhone 17e မှာ MagSafe စနစ် ပါဝင်လာတာပါပဲ။ ဒါကြောင့် MagSafe ဆက်စပ်ပစ္စည်းတွေကို စိတ်ကြိုက်သုံးနိုင်တော့မှာဖြစ်သလို အားသွင်းရတာလည်း ပိုမြန်လာမှာ ဖြစ်ပါတယ်။
iPhone 17e ရဲ့ ဈေးနှုန်းနဲ့ အရောင်များ
256GB မော်ဒယ်: $599
512GB မော်ဒယ်: $799
ရရှိနိုင်မယ့်အရောင်: အနက်၊ အဖြူ နဲ့ အသစ်ထွက်ရှိလာတဲ့ ပန်းရောင်နု (Soft Pink)
ဒီဖုန်းကို မတ်လ ၄ ရက်နေ့မှာ စတင်မှာယူနိုင်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ လက်ဝယ်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းမပြောင်းဘဲ MagSafe နဲ့ Chipset အသစ်တွေ ပါဝင်လာတာကြောင့် လူကြိုက်များတဲ့ ဘတ်ဂျက်ဖုန်းတစ်လုံး ဖြစ်လာဦးမှာ သေချာပါတယ်။
Ref : gsmarena