ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်မီးတွေနဲ့ တင်းမာမှုတွေကြောင့် နောက်ထပ် ၃၅ နှစ်အတွင်းမှာ လူသားမျိုးနွယ်တွေ မျိုးသုဉ်းသွားနိုင်လောက်တဲ့ နျူကလီးယားစစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ နိုဘယ်လ်ရူပဗေဒဆုရှင် ဒေးဗစ်ဂရော့စ် (David Gross) က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
သိပ္ပံပညာရှင်ကြီးရဲ့ တွက်ချက်မှုအရ နှစ်စဉ် နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက် ရှိနေပြီး အဲဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် လူသားတွေ ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်မယ့်သက်တမ်းဟာ နောက်ထပ် ၃၅ နှစ်လောက်ပဲ ကျန်တော့မယ့် သဘောပါ။ အရင်ကရှိခဲ့တဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေ ပျက်ပြားကုန်တာ၊ နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိ ရှိလာတာနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို ဘယ်သူမှ ဂရုမစိုက်ကြတော့တာတွေက အခြေအနေကို ပိုဆိုးစေတယ်လို့ သူက ဆိုပါတယ်။

အဆိုးဆုံးကတော့ အခုခေတ် လက်နက်စနစ်တွေထဲမှာ AI နည်းပညာကို ထည့်သွင်းအသုံးပြုလာတာဖြစ်ပြီး ဒါဟာ ကမ္ဘာကြီးကို ပိုပြီး မတည်မငြိမ် ဖြစ်စေပါတယ်။ ဒီလို အန္တရာယ်ကြီးတဲ့ လမ်းဆုံးကို မရောက်သွားဖို့ဆိုရင် နိုင်ငံကြီးတွေအနေနဲ့ အတ္တတွေကို ဘေးဖယ်ပြီး အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြန်လည်ဆွေးနွေးကြဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ဒေးဗစ်ဂရော့စ်က အကြံပြုထားပါတယ်။
Ref : Fossbytes