Tesla ကားတွေကို ၂၀၁၉ ကတည်းက ဝယ်ယူခဲ့သူတွေ မျှော်လင့်နေတဲ့ “လူမလိုဘဲ အပြည့်အဝ ကိုယ်တိုင်မောင်းနှင်နိုင်မယ့်စနစ် (Unsupervised FSD)” ဟာ လက်ရှိ Hardware 3 နဲ့ မဖြစ်နိုင်တော့ဘူးလို့ CEO အီလွန်မတ်စ်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။ ဒါဟာ Hardware 3 တပ်ဆင်ပြီး ရောင်းချခဲ့တဲ့ ကားအစီးရေ သန်းနဲ့ချီအတွက် လိုအပ်တဲ့ စွမ်းဆောင်ရည် မပြည့်မီတော့ဘူးလို့ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
အီလွန်မတ်စ်ရဲ့ အဆိုအရ Hardware 3 ဟာ “Memory Bandwidth” လို့ခေါ်တဲ့ အချက်အလက် စီးဆင်းမှုပိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် တကယ့်ကိုယ်တိုင်မောင်းစနစ်အတွက် လိုအပ်တဲ့ တွက်ချက်မှုတွေကို မလုပ်ဆောင်နိုင်တော့တာ ဖြစ်ပါတယ်။
Tesla ဟာ ဒီ Hardware နဲ့တင် အပြည့်အဝ ကိုယ်တိုင်မောင်းနှင်နိုင်မယ်လို့ အရင်က ကြွေးကြော်ခဲ့ဖူးတာပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် အစပိုင်းမှာတော့ ဒီစနစ်က မလုံလောက်တော့ဘူးဆိုတာကို လက်ခံခဲ့ရပါတယ်။ လူမလိုဘဲ မောင်းနှင်နိုင်ဖို့အတွက် ပိုမိုမြင့်မားတဲ့ ကွန်ပျူတာစနစ်နဲ့ ကင်မရာအသစ်တွေ (Hardware 4 သို့မဟုတ် နောက်ပိုင်းထွက်မယ့်ဗားရှင်းများ) လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

Tesla အနေနဲ့ ကားဟောင်းကို အဆင့်မြှင့်ပေးဖို့ (Retrofit) ဒါမှမဟုတ် ကားအသစ်နဲ့ လဲလှယ်ပေးဖို့ (Trade-in) နည်းလမ်းတွေကို စဉ်းစားနေပါတယ်။ ဒါပေမဲ့ ကားအစီးရေ သန်းနဲ့ချီကို အဆင့်မြှင့်ပေးဖို့ဆိုတာဟာ ငွေကုန်ကြေးကျ အရမ်းများသလို လုပ်ငန်းစဉ်လည်း အလွန်ရှုပ်ထွေးနိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ Hardware 3 ပိုင်ရှင်တွေအနေနဲ့ လူကိုယ်တိုင် အမြဲမပြတ် ကြီးကြပ်ပေးရတဲ့ “FSD (Supervised)” စနစ်ကိုပဲ ဆက်သုံးနေရဦးမှာ ဖြစ်ပါတယ်။ Tesla ရဲ့ ဒီဝန်ခံချက်ဟာ နည်းပညာ အပြောင်းအလဲ မြန်ဆန်မှုကြားမှာ ကားဝယ်ယူထားသူတွေအတွက်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။
Ref : Fossbytes