နာမည်ကျော် ကမ္ဘာကျော်အဆိုတော် Dua Lipa ဟာ သူမရဲ့ ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ တီဗီဗူးခွံတွေပေါ်မှာ အသုံးပြုခဲ့တဲ့အတွက် ကိုရီးယားနည်းပညာ ကုမ္ပဏီကြီး Samsung ကို တရားစွဲဆိုလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်က တက္ကဆက်ပြည်နယ် ဂီတပွဲတော်တစ်ခုမှာ ရိုက်ထားတဲ့ သူမရဲ့ နောက်ကွယ်က ဓာတ်ပုံတစ်ပုံကို Samsung က ခွင့်ပြုချက်မတောင်းဘဲ တီဗီထုပ်ပိုးမှုတွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး၊ ဒါဟာ မူပိုင်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။

အမေရိကန်တစ်ဝန်းမှာ သူမရဲ့ ပုံပါတဲ့ “Dua Lipa TV Box” တွေ ရောင်းချနေတာကို ၂၀၂၅ ခုနှစ် ဇွန်လမှာ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသုံးပြုတာ ရပ်တန့်ဖို့ ကုမ္ပဏီကို အကြောင်းကြားခဲ့ပေမဲ့ Samsung ဘက်က အလေးမထားဘဲ လျစ်လျူရှုခဲ့တာကြောင့် အခုလို ဒေါ်လာ ၅ သန်း နစ်နာကြေးတောင်းကာ တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ Dua Lipa ဘက်ကတော့ သူမအနေနဲ့ ဒီလိုမျိုး အသုံးပြုဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို၊ အနာဂတ်မှာလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

အဆိုးဆုံးကတော့ Samsung ဟာ Dua Lipa ကို အသုံးပြုပြီး ထုတ်ကုန်ကို ကြော်ငြာသလိုမျိုး ပရိသတ်တွေကို အထင်မှားအောင် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက် X ပေါ်မှာဆိုရင် ပရိသတ်အချို့က “တီဗီဝယ်ဖို့ အစီအစဉ်မရှိပေမဲ့ ဗူးပေါ်မှာ Dua Lipa ပုံပါနေလို့ ဝယ်လိုက်တာ” ဆိုပြီး ရေးသားနေကြတဲ့အတွက် ကုမ္ပဏီဟာ သူမရဲ့ ပုံရိပ်ကို အသုံးချပြီး အကျိုးအမြတ်တွေ ရယူခဲ့တယ်လို့ တရားစွဲဆိုမှုမှာ အလေးပေး ဖော်ပြထားပါတယ်။
Ref : Bangkokpost