ကမ္ဘာကျော် နည်းပညာဘီလူးကြီးဖြစ်တဲ့ NVIDIA ဟာ လက်ရှိမှာ ကာလပေါက်ဈေး ကုမ္ပဏီတန်ဖိုး (Market Value) အမေရိကန်ဒေါ်လာ ၅.၅ ထရီလီယံအထိ စံချိန်တင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပမာဏက ဘယ်လောက်အထိ ကြီးမားသလဲဆိုရင် ဒေါ်လာ ၃၀.၇၇ ထရီလီယံရှိတဲ့ အမေရိကန်နဲ့ ဒေါ်လာ ၁၉.၆ ထရီလီယံရှိတဲ့ တရုတ်နိုင်ငံတို့ကလွဲရင် ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ ဂျီဒီပီ (GDP) ထက်မဆို ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် NVIDIA ကုမ္ပဏီတစ်ခုလုံးရဲ့ တန်ဖိုးဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ဂျာမနီ (ဒေါ်လာ ၅.၀၁ ထရီလီယံ)၊ ဂျပန် (ဒေါ်လာ ၄.၃၄ ထရီလီယံ)၊ ဗြိတိန် (ဒေါ်လာ ၄ ထရီလီယံ) နဲ့ အိန္ဒိယ (ဒေါ်လာ ၃.၉၂ ထရီလီယံ) တို့လို နိုင်ငံကြီးတွေရဲ့ တစ်နှစ်တာ နိုင်ငံလုံးဆိုင်ရာ ထုတ်ကုန်တန်ဖိုးတွေထက်တောင် ပိုပြီးသာလွန်နေတာ ဖြစ်ပါတယ်။
NVIDIA ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာတင် ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂၁၆ ဘီလီယံနီးပါး ရရှိခဲ့ပြီး အသားတင်ငွေသားစီးဆင်းမှု (Free Cash Flow) အနေနဲ့ ဒေါ်လာ ၉၆.၆ ဘီလီယံအထိ စံချိန်တင် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ် ၂ နှစ်အတွင်းမှာလည်း အသားတင်ငွေသားစီးဆင်းမှုဟာ ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်အထိ ထပ်မံမြင့်တက်လာမယ်လို့ နည်းပညာလောကက ခန့်မှန်းထားကြပါတယ်။ လက်ရှိ အရှိန်အဟုန်အရ NVIDIA ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet (ဒေါ်လာ ၄.၇၆ ထရီလီယံ)၊ Apple (ဒေါ်လာ ၄.၃၅ ထရီလီယံ)၊ Microsoft (ဒေါ်လာ ၂.၉၉ ထရီလီယံ) နဲ့ Amazon (ဒေါ်လာ ၂.၅ ထရီလီယံ) စတဲ့ နည်းပညာထိပ်သီး အားလုံးကို အပြတ်အသတ် ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် အခိုင်အမာ နေရာယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး စိတ်ကူးထဲမှာတောင် မရှိဖူးတဲ့ စံချိန်တင် အောင်မြင်မှုတွေ ရရှိလာရခြင်းရဲ့ အဓိကသော့ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ မုန်တိုင်းတစ်ခုလို အပြိုင်အဆိုင် တိုးတက်လာတဲ့ ဉာဏ်ရည်တု (AI) နည်းပညာလှိုင်းလုံးကြီးကြောင့် ဖြစ်ပါတယ်။ NVIDIA ဟာ ChatGPT လိုမျိုး နာမည်ကြီး AI စနစ်တွေနဲ့ အကြီးစား AI ဒေတာစင်တာ (Data Center) တွေကို မောင်းနှင်ပေးနိုင်မယ့် အဆင့်မြင့် GPU ချစ်ပ်ပြားတွေကို ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အဓိကအကျဆုံး ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ NVIDIA ကုမ္ပဏီဟာ လက်ရှိကမ္ဘာကြီးကို ပြောင်းလဲနေတဲ့ AI နည်းပညာ တော်လှန်ရေးကြီးရဲ့ သွေးကြောနဲ့ ကျောရိုးကြီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Ref : Fossbytes