Foldble စမတ်ဖုန်းစျေးကွက်မှာ တရုတ်နိုင်ငံက မျက်နှာပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဖိအားပေးမှုကို Samsung Display အနေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက်ကြောင့် ဆမ်ဆောင်းဟာ လိပ်လို့ရတဲ့ စခရင် (rollable screen) စျေးကွက်မှာ ဘုရင်ဖြစ်လာဖို့ ပြင်ဆင်နေပြီး ဖုန်းမျက်နှာပြင်တွေကို ဆမ်ဆောင်းအီလက်ထရောနစ် (Samsung Electronics) ထံ ထောက်ပံ့ပေးဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကိုရီးယားသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီ လိပ်လို့ရတဲ့ စမတ်ဖုန်းကိုတော့ ၂၀၂၈ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်ဖို့ ရည်မှန်းထားတာဖြစ်ပြီး ဒါကို ဆမ်ဆောင်းအီလက်ထရောနစ်ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပေးထားပါတယ်။

ထွက်ပေါ်လာမယ့် စမတ်ဖုန်းရဲ့ နာမည်ကို Galaxy Z Slide ဒါမှမဟုတ် Galaxy Z Roll လို့ အမည်ပေးဖို့ ရှိနေပြီး စျေးကွက်သုတေသနလုပ်ငန်းတစ်ခုရဲ့ ခန့်မှန်းချက်အရ အဲဒီဖုန်းမှာ ၁၆:၉ အချိုးအစားရှိတဲ့ ၁၀ လက်မအရွယ် စခရင် ပါဝင်လာမှာဖြစ်သလို ပစ်ဆယ်သိပ်သည်းဆ 440.6 ppi ရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီဖုန်းရဲ့ နောက်ဆက်တွဲမော်ဒယ်ကိုတော့ ၂၀၃၀ ပြည့်နှစ်မှာ ထပ်မံမိတ်ဆက်သွားဖို့ ရှိနေပါတယ်။ တကယ်တော့ လိပ်လို့ရတဲ့ စခရင်တွေဟာ ခေါက်လို့ရတဲ့ စခရင်တွေထက် တည်ဆောက်ပုံ ပိုမိုရှုပ်ထွေးတာကြောင့် ထုတ်လုပ်ဖို့ ပိုပြီးခက်ခဲတာ အမှန်ပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း Samsung Display ဟာ ဒီနည်းပညာကို နှစ်အတော်ကြာ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက ရှေ့ပြေးပုံစံတွေကို ပြသခဲ့ဖူးတဲ့အပြင် Lenovo ရဲ့ လိပ်လို့ရတဲ့ လပ်တော့တွေအတွက်လည်း စခရင်တွေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ခေါက်ဖုန်းစျေးကွက်မှာတော့ တရုတ် BOE ကုမ္ပဏီက ဆမ်ဆောင်းကို အမီလိုက်နိုင်ခဲ့ပြီး ယခုနှစ်ပထမသုံးလပတ်မှာ စျေးကွက်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် လိပ်လို့ရတဲ့ နည်းပညာပိုင်းမှာတော့ ဆမ်ဆောင်းက အပြတ်အသတ် သာလွန်နေပါတယ်။ အဲဒီအတွက်ကြောင့် အစောပိုင်းနှစ်တွေမှာ ဒီစျေးကွက်တစ်ခုလုံးကို ဆမ်ဆောင်းကပဲ အပိုင်စီးထားနိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
Ref : gsmarena