Apple ရဲ့ ၂၀၂၇ ခုနှစ်မှာ ထွက်ရှိမယ့် iPhone တွေအကြောင်း သတင်းအချက်အလက်တွေ ကြိုတင်ပေါက်ကြားလာပါတယ်။ တရုတ် နည်းပညာ သတင်းပေးသူ Digital Chat Station (DCS) ရဲ့ အဆိုအရ အဲဒီ lineup မှာ iPhone Air 2၊ iPhone 18 နဲ့ iPhone 18e ဆိုပြီး မော်ဒယ် ၃ မျိုး ပါဝင်လာမှာ ဖြစ်ပြီး အားလုံးမှာ 1.5K OLED display တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မော်ဒယ်တွေရဲ့ မျက်နှာပြင် အရွယ်အစားနဲ့ နည်းပညာပိုင်းအနေနဲ့ iPhone Air 2 မှာ (120Hz) LTPO refresh rate ပါဝင်တဲ့ ၆.၅၅ လက်မ မျက်နှာပြင် ပါဝင်မှာ ဖြစ်ပါတယ်။ iPhone 18 ကတော့ ၆.၃ လက်မ အရွယ်အစားနဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး iPhone 18e ကတော့ ၆.၁၂ လက်မ အရွယ်အစားနဲ့အတူ (60Hz) LTPS panel ကို သုံးစွဲသွားမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ iPhone 18 Pro မော်ဒယ်တွေနဲ့ ပထမဆုံး ခေါက်ဖုန်းကို ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှာ မိတ်ဆက်မှာ ဖြစ်ပြီး အခြေခံ မော်ဒယ်တွေဖြစ်တဲ့ iPhone 18၊ 18e နဲ့ iPhone Air 2 တို့ကိုတော့ ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ခွဲခြား မိတ်ဆက်သွားမယ့် အစီအစဉ် ရှိနေပါတယ်။

ဒါ့အပြင် Apple ဟာ နောက်ထပ် မျိုးဆက်သစ်တွေဖြစ်တဲ့ iPhone 19 Pro စီးရီးတွေနဲ့ ဒုတိယမြောက် ခေါက်ဖုန်း ဖြစ်လာမယ့် iPhone Ultra 2 တို့အတွက်လည်း နောက်ကွယ်မှာ စမ်းသပ်မှုတွေနဲ့ ပုံစံထုတ်လုပ်မှုတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေရဲ့ မျက်နှာပြင် ပုံစံတွေကိုလည်း စမ်းသပ်နေပြီ ဖြစ်တာကြောင့် အနာဂတ် iPhone တွေရဲ့ နည်းပညာပိုင်းကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref : gizmochina