Apple ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) အသစ်အဖြစ် တာဝန်ယူလိုက်တဲ့ ဂျွန်တာနပ်စ်ဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လစာ ဒေါ်လာ ၃ သန်းနဲ့ ရှယ်ယာခံစားခွင့် ဒေါ်လာ ၅၅ သန်း စုစုပေါင်း ဒေါ်လာ ၅၈ သန်းခန့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ရဲ့ တာဝန်ထမ်းဆောင်ချိန်အတွက်လည်း ရှယ်ယာခံစားခွင့် ဒေါ်လာ ၂ ဒသမ ၅ သန်းကို ရရှိဦးမှာ ဖြစ်ပါတယ်။

အမှုဆောင်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူလိုက်တဲ့ တင်မ်ကွတ်ခ်ကတော့ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လစာ ဒေါ်လာ ၂ သန်းနဲ့ ရှယ်ယာခံစားခွင့် ဒေါ်လာ ၄၅ သန်း စုစုပေါင်း ဒေါ်လာ ၄၇ သန်းခန့် ရရှိမှာ ဖြစ်ပါတယ်။ သူဟာ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က လစာ ဒေါ်လာ ၃ သန်း အပါအဝင် စုစုပေါင်း ဒေါ်လာ ၇၄ ဒသမ ၃ သန်းအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဂျွန်တာနပ်စ်ဟာ ၂၀၀၁ ခုနှစ်ကတည်းက Apple မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး iPhone၊ iPad နဲ့ Mac တွေ အပါအဝင် ဟာ့ဒ်ဝဲလ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ CEO အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို စက်တင်ဘာ ၉ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ ပွဲမှာ iPhone သစ်တွေ၊ Apple Watch တွေနဲ့ AI နည်းပညာသုံး Siri အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။
Ref : yahoo