အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကယ်လီဖိုးနီးယားကမ်းလွန်မှာ ခေတ်မီနည်းပညာနဲ့ စမ်းသပ်မောင်းနှင်နေတဲ့ လူမဲ့ရေတပ်ဒရုန်း ၂၄ စင်းဟာ Starlink အင်တာနက်လိုင်း ရုတ်တရက် ပြတ်တောက်သွားတာကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ လမ်းပျောက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်နဲ့ မျောပါနေခဲ့ရပါတယ်။
Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီစမ်းသပ်မှုအတွင်း အင်တာနက်လိုင်းဟာ တစ်နာရီနီးပါးကြာအောင် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ မောင်းနှင်နေတဲ့ အဲဒီရေယာဉ်တွေဟာ ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်ပြီး မျောချင်သလို မျောနေခဲ့တာပါ။ Starlink ဘက်က သူတို့ရဲ့ ဝန်ဆောင်မှုဟာ ၉၉.၉ ရာခိုင်နှုန်းအထိ စိတ်ချရပါတယ်လို့ ကြွားဝါထားပေမဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် လိုင်းပြတ်တောက်မှု ဖြစ်ခဲ့ပါသေးတယ်။

“ယာဉ်အမြောက်အမြားကို တစ်ပြိုင်နက် ချိတ်ဆက်ပြီး ခိုင်းစေတဲ့အခါမှာ Starlink ရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်ရှိနေတာကို ပြလိုက်တာပဲ” လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေမှာ Starlink အပေါ် အလွန်အကျွံ အားကိုးလာနေတာကြောင့် အခုလို လိုင်းခဏခဏပြတ်နေတဲ့ကိစ္စဟာ နောင်တစ်ချိန် စစ်ပွဲတွေအတွင်းမှာ ကြီးမားတဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာက SpaceX ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဝင်ငွေ ၆၇ ရာခိုင်နှုန်းလောက်ဟာ ဒီ Starlink ဆီကနေပဲ ရနေတာဖြစ်ပေမဲ့ အခုလို အရေးကြီးတဲ့ စမ်းသပ်မှုတွေမှာတော့ အားကိုးလို့မရသေးတာကို တွေ့ရပါတယ်။
ref : Fossbytes