တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က Galaxy SOHO မှာ သြဂုတ်လ ၁၆ ရက်နေ့က 7Fresh Coffee လို့ အမည်ရတဲ့ ၂၄ နာရီဖွင့်လှစ်တဲ့ စက်ရုပ်ကော်ဖီဆိုင်ကို JD.com က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီဆိုင်မှာ သာမန်ဝန်ထမ်းတွေ မရှိဘဲ အလိုအလျောက်ကော်ဖီဖျော်စနစ်နဲ့ AI စက်ရုပ်ကိုသာ အသုံးပြုထားပါတယ်။

ဝယ်ယူသူတွေအနေနဲ့ ကိုယ်တိုင်မှာယူနိုင်တဲ့ မျက်နှာပြင်ကနေဖြစ်စေ၊ JD.com အက်ပ်ကနေဖြစ်စေ ကော်ဖီအပြင်းအပျော့နဲ့ အချိုတို့ကို စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပါတယ်။ အလိုအလျောက်စနစ်က ခွက်ပြင်ဆင်တာ၊ ရေခဲထည့်တာ၊ ကော်ဖီဖျော်တာနဲ့ အချိုရည်ထည့်တာတွေကို စက္ကန့် ၂၀ ကနေ ၃၀ အတွင်း အမြန်ဆုံးလုပ်ဆောင်ပေးပြီး AI စက်ရုပ်က ဖျော်ပြီးသားကော်ဖီကို လာရောက်ယူဆောင်ရမယ့်နေရာကို ပို့ဆောင်ပေးပါတယ်။

အဲဒီစနစ်က တစ်ပြိုင်နက်တည်းမှာ ကော်ဖီ ၇ ခွက်ကနေ ၈ ခွက်အထိ ဖျော်စပ်နိုင်ပြီး ဆိုင်ဖွင့်တဲ့နေ့မှာပဲ တစ်နာရီအတွင်း ကော်ဖီခွက်ပေါင်း ၂၀၂ ခွက်ကို ဖျော်စပ်ပေးနိုင်ခဲ့တဲ့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ JD ရဲ့ အဆိုအရ ဝယ်ယူသူတွေရဲ့ အကြိုက်ကို လေ့လာဖို့နဲ့ အချိုရည်အသစ်တွေ ဖန်တီးဖို့အတွက်လည်း AI နည်းပညာကို အသုံးပြုနေတယ်လို့ သိရပါတယ်။
Ref : Technology Innovation