ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေအတွက် လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်မယ့် အိပ်မက်တစ်ခု တကယ်ဖြစ်လာပါပြီ။ ပြင်သစ်အခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီ Wandercraft ကနေ ကျောရိုးမကြီးထိခိုက်ဒဏ်ရာရထားသူတွေ လက်ကိုအသုံးမပြုဘဲ မတ်တပ်ရပ် လမ်းလျှောက်နိုင်မယ့် Eve လို့အမည်ရတဲ့ ဝတ်ဆင်နိုင်တဲ့ စက်ရုပ်အရိုးစု (exoskeleton) ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစက်မှာ ကိုယ်ပိုင်ဟန်ချက်ထိန်းစနစ် ပါဝင်တဲ့အတွက် လမ်းလျှောက်တဲ့အခါ ချိုင်းထောက်တွေ၊ လမ်းလျှောက်အထောက်အကူပြုပစ္စည်းတွေ လုံးဝမလိုတော့ဘဲ ယုံကြည်မှုရှိရှိ ခြေလှမ်းလှမ်းနိုင်တော့မှာဖြစ်ပါတယ်။

ဒီအဆင့်မြင့်နည်းပညာကို အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေအတွက် အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ် ၁၀၀ နဲ့ အရပ် ၁ ဒသမ ၉၄ မီတာအထိရှိသူတွေ အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eve ရဲ့ ကိုယ်ထည်အလေးချိန်က ၈၃ ဒသမ ၄ ကီလိုဂရမ်ရှိပြီး တစ်နာရီကို သုည ဒသမ ၉ ကီလိုမီတာနှုန်းနဲ့ ဖြည်းဖြည်းမှန်မှန် သွားနိုင်ပါတယ်။ ဘက်ထရီသက်တမ်းကလည်း ၄ နာရီအထိ ခံနိုင်ရည်ရှိတာကြောင့် နေ့စဉ်လှုပ်ရှားမှုတချို့အတွက် လုံလောက်မှုရှိပါတယ်။ လူ ၃၉ ဦးနဲ့ စမ်းသပ်မှု ၃ ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကနေ တရားဝင်အသုံးပြုခွင့်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနည်းပညာဟာ ဘီးတပ်ကုလားထိုင်ကို အပြီးတိုင် အစားထိုးဖို့တော့ မဟုတ်သေးပါဘူး။ လောလောဆယ်မှာတော့ အဆောက်အအုံအတွင်း ညီညာခြောက်သွေ့တဲ့ မျက်နှာပြင်တွေနဲ့ အနီးအနား ပတ်ဝန်းကျင်တွေမှာပဲ အသုံးပြုဖို့ ကန့်သတ်ထားပြီး လှေကားတက်တာ၊ အားကစားလုပ်တာနဲ့ လမ်းဖြတ်ကူးတာတွေအတွက် မသင့်တော်သေးပါဘူး။ အရေးကြီးဆုံးအချက်ကတော့ အသုံးပြုသူတွေအနေနဲ့ Eve ကို တစ်ယောက်တည်း အသုံးပြုလို့မရဘဲ အရေးပေါ်အခြေအနေအတွက် လေ့ကျင့်သင်ကြားထားတဲ့ အဖော်တစ်ဦးက လက်တစ်ကမ်းအကွာမှာ အမြဲစောင့်ရှောက်ပေးဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
Ref : Technology Innovation