Meta ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ဟာ ကုမ္ပဏီကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့ အဓိကထား ဖွဲ့စည်းဖို့ ရည်ရွယ်တဲ့ Project OT ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ AI တွေက ဝန်ထမ်းတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အစားထိုး လုပ်ဆောင်ပေးမှာဖြစ်လို့ တချို့အဖွဲ့တွေမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ မေလအတွင်းက လုပ်ငန်းခွင်အင်အားရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အလုပ်ဖြုတ်ခဲ့ပါတယ်။

ဒုတိယအကြိမ် ဝန်ထမ်းထပ်မံလျှော့ချဖို့ စီစဉ်ထားခဲ့ပေမယ့် ဝန်ထမ်းတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ AI ကိရိယာတွေဟာ မျှော်လင့်ထားသလို စွမ်းဆောင်ရည် တိုးတက်မလာတာကြောင့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ လက်ရှိမှာ အလုပ်ဖြုတ်မယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ AI နည်းပညာက လူသားတွေရဲ့ လုပ်အားကို ဘယ်လောက်မြန်မြန် အစားထိုးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရေးအဖွဲ့က ဆက်လက်လေ့လာနေဆဲဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် အခုနှစ်အစပိုင်းနဲ့ နှိုင်းယှဉ်ရင် Meta စတော့ရှယ်ယာဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ဒုတိယသုံးလပတ်မှာ Meta ရဲ့ ကုန်ကျစရိတ်တွေက ၅၅ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဒေါ်လာ ၄၂ ဒသမ ၀၃ ဘီလီယံအထိ ရှိလာသလို ၂၀၂၆ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကိုလည်း ဒေါ်လာ ၁၃၀ ဘီလီယံကနေ ၁၄၅ ဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အချိန်တိုအတွင်းမှာ အရေးပါတဲ့ စတော့ရှယ်ယာဈေးနှုန်း အမှတ် ၅၉၂ ဒေါ်လာကို စောင့်ကြည့်သင့်ပါတယ်။
Ref : yahoo