တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာရှိတဲ့ Agibot စက်ရုပ်နည်းပညာကုမ္ပဏီဟာ သူတို့ရဲ့ လူတူစက်ရုပ် ၆ ရုပ်ကို ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တစ်ဆိုင်မှာ စမ်းသပ်ခိုင်းစေခဲ့ပါတယ်။ စမ်းသပ်မှုအတွင်းမှာ အဲဒီ စက်ရုပ်တွေဟာ ဧည့်သည်တွေကို နှုတ်ဆက်တာ၊ ကော်ဖီဖျော်တာ၊ ပစ္စည်းနေရာချတာနဲ့ သန့်ရှင်းရေးလုပ်တာတွေ အပါအဝင် လုပ်ငန်းဆောင်တာပေါင်း ၁,၇၃၀ ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားသလို အောင်မြင်မှု အပြည့်အဝတော့ မရခဲ့ပါဘူး။

 

စက်ရုပ် ၆ ရုပ်အနက် ၄ ရုပ်က တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် သန့်ရှင်းရေးနဲ့ ပစ္စည်းစစ်ဆေးရေး တာဝန်ယူထားတဲ့ ကျန် ၂ ရုပ်ကတော့ ကျရှုံးခဲ့ပါတယ်။ အဆိုးဆုံးကတော့ သန့်ရှင်းရေးလုပ်တဲ့ စက်ရုပ်တစ်ရုပ်ဟာ အမှိုက်ပုံးအပြည့်ကို တွေ့တဲ့အခါ လမ်းကြောင်းပြောင်းသွားပြီး ဆိုင်အပြင်ဘက်ကို ထွက်သွားကာ ပြန်မလာတော့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် ပစ္စည်းစစ်ဆေးရမယ့် စက်ရုပ်ကလည်း အလုပ်လုပ်တာ နှေးကွေးလွန်းလို့ သတ်မှတ်ထားတဲ့ စံနှုန်းကို မမီခဲ့ပါဘူး။

 

အခုလို အဖြစ်အပျက်တွေဟာ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်နေပါစေ လက်တွေ့လုပ်ငန်းခွင်က မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ပြသနေပါတယ်။ အမေရိကန်က Dimensional လို ကုမ္ပဏီတွေကလည်း စက်ရုပ်ခွေးတွေကို လမ်းပေါ်မှာ သွားလာနိုင်ဖို့ လူတွေကိုယ်တိုင် လိုက်လံထိန်းကျောင်း သင်ကြားပေးနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုပ်တွေဟာ လူတွေရဲ့ နေရာကို အပြည့်အဝ အစားထိုးနိုင်ဖို့ အချိန်ယူ ပြင်ဆင်ရဦးမှာ ဖြစ်ပါတယ်။

Ref : Khaosod