အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ်တွေ၊ ဘဏ်လုပ်ငန်းတွေ၊ အီးမေးလ်၊ ဟိုတယ်တွေနဲ့ အစိုးရဝန်ဆောင်မှုတွေအထိ ထိခိုက်စေခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာ Microsoft ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ Outlook၊ Teams၊ Copilot၊ SharePoint နဲ့ OneDrive တို့ ကြီးကြီးမားမား ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ၂၄ နာရီနီးပါးအကြာမှ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဆက်သွယ်ရေးကွန်ရက်ပြဿနာကြောင့် လေကြောင်းထိန်းချုပ်ရေးစနစ် ထိခိုက်ခဲ့ပြီး ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က နိုင်ငံတစ်ဝန်း လေယာဉ်ပျံသန်းမှုတွေကို ခေတ္တရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။ အဲဒီပြဿနာဟာ နိုင်ငံရဲ့ အဓိက လေကြောင်းထိန်းချုပ်ရေးစင်တာ ၂၂ ခုအနက် ၁၇ ခုကို ထိခိုက်ခဲ့ပြီး အဲဒီနေ့မှာ လေယာဉ်ခရီးစဉ်ပေါင်း ၁၂,၄၆၂ ခုဝန်းကျင် ဖျက်သိမ်းခဲ့ရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့မှာ United Airlines က သီးခြားနည်းပညာပြဿနာကြောင့် ခရီးစဉ်တွေ နှောင့်နှေးခဲ့သလို JPMorgan Chase ဘဏ်မှာလည်း ဆော့ဖ်ဝဲလ်ချို့ယွင်းမှုကြောင့် ဘဏ်ဝန်ဆောင်မှုနဲ့ ငွေလွှဲပြောင်းမှုတချို့ ပြတ်တောက်ခဲ့ပေမယ့် ဆိုက်ဘာတိုက်ခိုက်ခံရတာ မဟုတ်ဘူးလို့ ဘဏ်ဘက်က ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ Apple ရဲ့ အတွင်းပိုင်း အပ်ဒိတ်တစ်ခုကြောင့် Apple Music၊ App Store၊ AppleCare နဲ့ iCloud ဝန်ဆောင်မှုတချို့မှာ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် Marriott ဟိုတယ်လုပ်ငန်းမှာလည်း အခန်းကြိုတင်မှာယူတာနဲ့ ချက်ကင်ဝင်တဲ့စနစ်တွေမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ကလည်း ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေစဉ်အတွင်း အတွင်းပိုင်းစနစ်တချို့ ယာယီပြဿနာတက်ခဲ့ပေမယ့် အရေးကြီးဆုံးလုပ်ငန်းဆောင်တာတွေကတော့ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အလားတူ အမျိုးသားမိုးလေဝသဌာန (National Weather Service) နဲ့ Charles Schwab တို့မှာလည်း နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ခုနစ်ရက်အတွင်း Downdetector ဝက်ဘ်ဆိုက်မှာ အမေရိကန်တစ်ဝန်း ဝန်ဆောင်မှုပြတ်တောက်ကြောင်း တိုင်ကြားချက်ပေါင်း ၆ သန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း တစ်ပတ်တာ အများဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ ဒါမှမဟုတ် ကြိုတင်စီစဉ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အဲဒီပြဿနာတွေဟာ ဆော့ဖ်ဝဲလ်ချို့ယွင်းချက်တွေ၊ ကွန်ရက်ပြဿနာတွေနဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ စက်ပစ္စည်းတွေကြောင့် အကြောင်းရင်းအမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : Technology Innovation





