နည်းပညာလောကကို ကိုင်လှုပ်မယ့် ခြေလှမ်းသစ်တစ်ရပ်အဖြစ် NVIDIA နဲ့ LG တို့ ပူးပေါင်းပြီး ဉာဏ်ရည်တု (AI) နည်းပညာသုံး လူတူစက်ရုပ်တစ်ရုပ်ကို ဖန်တီးတည်ဆောက်သွားတော့မှာ ဖြစ်ပါတယ်။ ဒီခြေနှစ်ချောင်းထောက် လူတူစက်ရုပ်ကို တီထွင်ဖို့အတွက် နည်းပညာကုမ္ပဏီကြီးနှစ်ခုဟာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၇ ခုနှစ် ပထမသုံးလပတ်မှာ တရားဝင် မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

ဒီလူတူစက်ရုပ်ရဲ့ အဓိကဦးနှောက်ပိုင်းအတွက် NVIDIA ရဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုသွားမှာပါ။ စက်ရုပ်အနေနဲ့ ပတ်ဝန်းကျင်ကို သေချာနားလည်ဖို့၊ ခိုင်းစေတဲ့အလုပ်တွေကို တိတိကျကျ လုပ်ဆောင်နိုင်ဖို့နဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် NVIDIA ရဲ့ Isaac GR00T AI မော်ဒယ်ကို ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုပ်တွင်း ကွန်ပျူတာစနစ်အတွက် NVIDIA Jetson Thor က အားဖြည့်ပေးသွားမှာဖြစ်ပြီး လုံခြုံရေးပိုင်းအတွက်ကိုတော့ NVIDIA ရဲ့ Halos for Robotics က တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

စက်ရုပ်အတွက် လိုအပ်တဲ့ အဓိက ဟာ့ဒ်ဝဲလ် အစိတ်အပိုင်းတွေကိုတော့ LG ဘက်က အပြည့်အဝ တာဝန်ယူ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ခြေလက်လှုပ်ရှားမှုဆိုင်ရာ အစိတ်အပိုင်းတွေကို LG Electronics က တာဝန်ယူမှာဖြစ်ပြီး အာရုံခံ ဆန်ဆာတွေကို LG Innotek နဲ့ အသက်သွေးကြောဖြစ်တဲ့ ဘက်ထရီတွေကိုတော့ LG Energy Solution က အသီးသီး ထောက်ပံ့ပေးသွားမှာပါ။ လတ်တလောမှာတော့ အဲဒီ လူတူစက်ရုပ်ကို တရားဝင် မိတ်ဆက်ထားခြင်း မရှိသေးတဲ့အတွက် နောက်ဆုံးထွက်ပေါ်လာမယ့် ဒီဇိုင်း၊ လုပ်ဆောင်နိုင်စွမ်းနဲ့ စျေးနှုန်းတွေကိုတော့ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Ref : Technology Innovation