မော်လ်တာနိုင်ငံသားတွေနဲ့ နေထိုင်သူတွေအားလုံး တစ်လကို အမေရိကန်ဒေါ်လာ ၂၀ တန်ဖိုးရှိတဲ့ ChatGPT Plus ဝန်ဆောင်မှုကို တစ်နှစ်တိတိ အခမဲ့အသုံးပြုခွင့်ရမယ့် အခွင့်အရေးကြီး ပေါ်ပေါက်လာပါတယ်။ OpenAI နဲ့ မော်လ်တာအစိုးရတို့ ပူးပေါင်းပြီး “AI for All” ဆိုတဲ့ အစီအစဉ်ကို မေလမှာ စတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလက်ဆောင်ကို ရဖို့အတွက် မော်လ်တာတက္ကသိုလ်က စီစဉ်ထားတဲ့ AI အခြေခံသင်တန်းကို အရင်ဆုံး ပြီးအောင် တက်ရမှာဖြစ်ပြီး အဲဒီသင်တန်းမှာ AI နည်းပညာကို နေ့စဉ်လူမှုဘဝနဲ့ လုပ်ငန်းခွင်တွေမှာ ဘယ်လိုအသုံးချရမလဲဆိုတာကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဥရောပသမဂ္ဂရဲ့ ဒီဂျစ်တယ်အိုင်ဒီ (eID) ရှိရမှာဖြစ်ပြီး နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မော်လ်တာနိုင်ငံသားတွေလည်း ပါဝင်ခွင့်ရှိပါတယ်။ အရည်အချင်းပြည့်မီသူတွေကို အကောင့်ရရှိအောင် မော်လ်တာ ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှု အာဏာပိုင်အဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အခုလို နိုင်ငံသားတစ်ရပ်လုံးကို AI နည်းပညာ အခမဲ့ပေးအပ်ပြီး တွန်းအားပေးတဲ့ အစီအစဉ်မျိုးကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ မလုပ်ဖူးသေးဘူးလို့ OpenAI ဘက်က ပြောထားပါတယ်။
နည်းပညာမူဝါဒတွေမှာ အမြဲတမ်း လက်ဦးမှုယူလေ့ရှိတဲ့ မော်လ်တာနိုင်ငံဟာ အရင်ကလည်း ဘလော့ချိန်းနဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းတွေကို စောစောစီးစီး ချမှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
Ref : Yahoo
