ASEAN Foundation ၏  ဦးဆောင်မှုဖြင့် SME Hub Asia Myanmar က မြန်မာနိုင်ငံဆိုင်ရာ ဒေသတွင်းအကောင်အထည်ဖော်မှု မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပါဝင်ကာ မြန်မာနိုင်ငံရှိ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ပေါင်း ၄,၄၀၀ ကျော်ကို လာမည့် နှစ်နှစ်တာကာလအတွင်း လက်တွေ့အသုံးချ AI ကျွမ်းကျင်မှုများ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် “AI for MSME Advancement in ASEAN (AIM ASEAN)” အစီအစဉ်ကို မြန်မာနိုင်ငံတွင် ဇွန်လမှစတင်ကာ အွန်လိုင်းပလက်ဖောင်းဖြင့်တရားဝင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

AIM ASEAN အစီအစဉ်သည် Google.org နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ ပံ့ပိုးမှု၊ AVPN နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ASEAN Foundation က “AI Opportunity Fund: Asia Pacific” လုပ်ငန်းစဉ်အောက်တွင် လုပ်ဆောင်သည့် နှစ်နှစ်တာ ဒေသတွင်း အစီအစဉ်တစ်ခု ဖြစ်သည်။ ယင်းအစီအစဉ်သည် အာဆီယံနိုင်ငံ အားလုံးရှိ MSME လုပ်ငန်းများကို လက်တွေ့ကျပြီး ဒေသတွင်းနှင့် ကိုက်ညီမည့် AI သင်တန်းများ ပေးအပ်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန်၊ ဈေးကွက်အခွင့်အလမ်းများ တိုးချဲ့နိုင်ရန်နှင့် ပိုမိုအားကောင်းလာသည့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တွင် စီးပွားရေးရေရှည်ကြံ့ခိုင်မှု ရှိစေရန် ရည်ရွယ်ကာ ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

SME Hub Asia Myanmar သည် မြန်မာနိုင်ငံဆိုင်ရာ ဒေသတွင်းအကောင်အထည်ဖော်မှု မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများနှင့် ကိုက်ညီအောင် အထူးစီမံထားသည့် AI သင်ကြားရေးအစီအစဉ်များကို ၂၀၂၇ ခုနှစ် ဧပြီလအထိ ဦးဆောင်ပို့ချပေးသွားမည် ဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၉ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတွင် စမ်းသပ်မိတ်ဆက် (Soft-launch) ခဲ့ပြီး၊ အပတ်စဉ်စနေ သို့မဟုတ် တနင်္ဂနွေတိုင်းတွင် ပြည်တွင်း AI ကျွမ်းကျင်သူများ ဦးဆောင်သည့် “AI READINESS & ADOPTION PROGRAMME” အမည်ရှိ Zoom သင်တန်းစီးရီးများကို ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိအဆင်ပြေမည့်အချိန်တွင် အွန်လိုင်းမှတစ်ဆင့် လေ့လာနိုင်မည့် သီးသန့် ဒစ်ဂျစ်တယ်သင်ကြားရေး ပလက်ဖောင်း (Digital Learning Platform) ကို မိတ်ဆက်ပြီး အစီအစဉ်ကို တရားဝင် အရှိန်အဟုန်မြှင့် တိုးချဲ့သွားမည် ဖြစ်သည်။ အဆိုပါ ပလက်ဖောင်းတွင် ကိုယ်တိုင်လေ့လာနိုင်မည့် AI သင်ခန်းစာများ၊ လက်တွေ့ကျသော စီးပွားရေးဆိုင်ရာ မော်ဂျူးများ၊ လေ့လာရေးအရင်းအမြစ်များနှင့် သင်ကြားရေး အထောက်အကူပြု အရင်းအမြစ်များကို ရယူနိုင်မည် ဖြစ်သည်။ ဤပလက်ဖောင်းသည် ကဏ္ဍစုံနှင့် ဒေသအသီးသီးမှ လုပ်ငန်းရှင်များအတွက် AI နည်းပညာကို လိုက်လျောညီထွေဖြစ်ပြီး လွယ်လွယ်ကူကူ လေ့လာနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပြီး၊ ရေရှည်ဒစ်ဂျစ်တယ် ကူးပြောင်းအသုံးပြုနိုင်စွမ်းနှင့် စီးပွားရေး ရေရှည်တည်တံ့ ခိုင်မြဲမှုကို အထောက်အကူပြုရန် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းရှင်အများစုသည် AI နည်းပညာအပေါ် စိတ်ဝင်စားမှု တိုးပွားလာနေသော်လည်း “ဘယ်ကနေ၊ ဘယ်လို စတင်ရမလဲ” ဆိုသည့်အချက်တွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။ နည်းပညာဆိုင်ရာ အတွေ့အကြုံမရှိထားသော်လည်း အလွယ်တကူ လေ့လာနိုင်မည့်၊ စီးပွားရေးကို အခြေခံ AI သင်ကြားရေးအခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် AIM ASEAN Myanmar သည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားရန် ရည်ရွယ်သည်။ AIM ASEAN ၏ ထူးခြားချက်တစ်ခုမှာ နိုင်ငံအတွင်း လိုအပ်ချက်နှင့်ကိုက်ညီသည့်သင်ကြားရေးခေါင်းစဉ်များ၊ ပြည်တွင်းကျွမ်းကျင်သူများ၏ အတွေ့အကြုံများနှင့် လက်တွေ့ကျသော စီးပွားရေးနည်းလမ်းများကို ပေါင်းစပ်ပေးထားခြင်းကြောင့် မြန်မာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုနှင့် ပြည်တွင်းစီးပွားရေးပတ်ဝန်းကျင်နှင့် တိုက်ရိုက်ကိုက်ညီမည့် AI နည်းပညာများကို လေ့လာနိုင်မည် ဖြစ်သည်။

SME Hub Asia Myanmar မှ ပရိုဂရမ်တာဝန်ခံ ကို Liam(လီယံ) က “SME Hub Asia Myanmar အနေနဲ့အာဆီယံဖောင်ဒေးရှင်း (ASEAN Foundation) ရဲ့ ထိရောက်တဲ့ ဒေသတွင်းစီမံကိန်းဖြစ်တဲ့ AIM ASEAN ကို မြန်မာနိုင်ငံက MSME လုပ်ငန်းရှင်တွေဆီ သယ်ဆောင်လာခွင့်ရတဲ့အတွက် တကယ်ပဲ ဝမ်းမြောက်မိပါတယ်။ အခုအချိန်မှာ AI နည်းပညာက အာဆီယံဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေကို သိသိသာသာ ပြောင်းလဲပေးနေပြီဖြစ်လို့၊ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း မိမိတို့လုပ်ငန်း တိုးတက်ဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် AI ကို ဘယ်လိုအသုံးချရမလဲဆိုတာ စတင်လေ့လာရမယ့် အရေးကြီးဆုံးအချိန် ရောက်နေပါပြီ။ ကျွန်တော်တို့ SME Hub Asia Myanmar ရဲ့ အဓိကရည်ရွယ်ချက်က MSME လုပ်ငန်းတွေ ဆန်းသစ်တီထွင်နိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့ ကူညီပေးဖို့ပါ။ ဒီ AIM ASEAN အစီအစဉ်ကတစ်ဆင့် ဒစ်ဂျစ်တယ်အသိပညာတွေကို လုပ်ငန်းရှင်တွေဆီ လွယ်လွယ်ကူကူ လက်လှမ်းမီအောင် ဖန်တီးပေးပြီး၊ ဒေသတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ AI စီးပွားရေးအခွင့်အလမ်းတွေကြားထဲ မြန်မာ့ MSME လုပ်ငန်းတွေ နောက်ကောက်ကျမကျန်ခဲ့အောင် အကောင်းဆုံး ဆောင်ရွက်သွားမှာပါ။ ” ဟု ပြောကြားခဲ့သည်။

အဆိုပါပရိုဂရမ်တွင် သင်ခန်းစာသင်များဖြစ်သည့် Key Considerations & Framework for Successful AI Deployment (AI နည်းပညာ အောင်မြင်စွာ အသုံးချနိုင်ရေးအတွက် အဓိကထည့်သွင်းစဉ်းစားရမည့်အချက်များနှင့် မူဘောင်များ)၊ Advanced Data Management & Governance for AI (AI အတွက် အဆင့်မြင့် ဒေတာစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစနစ်)၊ Artificial Intelligence (AI) – The Basics and Use Cases (ဉာဏ်ရည်တု – AI ၏ အခြေခံသဘောတရားများနှင့် လက်တွေ့အသုံးချမှုများ)၊ The AI Adoption Journey – Steps for Business Owners (စီးပွားရေးလုပ်ငန်းရှင်များအတွက် AI နည်းပညာ ကူးပြောင်းအသုံးပြုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်)၊ Using AI Responsibly – Ethical & Governance Principles (AI နည်းပညာကို တာဝန်ယူမှုရှိစွာ အသုံးပြုခြင်း – ကျင့်ဝတ်နှင့် အုပ်ချုပ်မှုဆိုင်ရာ အခြေခံမူများ) တို့ကို လေ့လာခွင့်ရမည်ဖြစ်သည်။

ယခု မော်ဂျူးများသည် MSME လုပ်ငန်းများအနေဖြင့် AI သဘောတရားများကို နားလည်သဘောပေါက်စေရန်၊ လုပ်ငန်းခွင်လည်ပတ်မှုများတွင် AI ကို တာဝန်ယူမှုရှိရှိ ပေါင်းစပ်အသုံးပြုနိုင်ရန်နှင့် လက်တွေ့ကျသော ဒစ်ဂျစ်တယ်နည်းလမ်းများနှင့် ပလက်ဖောင်းများ၊  ဒေတာအခြေပြု ဆုံးဖြတ်ချက်ချမှတ်မှုများမှတစ်ဆင့် ပိုမိုအားကောင်းပြီး အနာဂတ်အဆင်သင့်ဖြစ်မည့် လုပ်ငန်းများကို တည်ဆောက်နိုင်စေရန် အထူးစီမံရေးဆွဲထားခြင်း ဖြစ်သည်။

Media release: SME Hub Asia Myanmar