Tesla ကုမ္ပဏီဟာ သူတို့ရဲ့ “Robotaxi” ဝန်ဆောင်မှုကို Austin နဲ့ San Francisco မြို့တွေအပြင် အခုအခါ Houston နဲ့ Dallas မြို့တွေဆီပါ စတင်တိုးချဲ့လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မြို့လုံးကျွတ်မဟုတ်ဘဲ သတ်မှတ်ထားတဲ့ ဧရိယာအကျဉ်းလေးတွေမှာပဲ စမ်းသပ်မောင်းနှင်ဦးမှာပါ။ Houston မှာဆိုရင် ၂၅ စတုရန်းမိုင်ဝန်းကျင်ပဲ ရှိပြီး Dallas မှာလည်း Highland Park ဧရိယာတစ်ဝိုက်မှာပဲ ပြေးဆွဲမှာ ဖြစ်ပါတယ်။
Robotaxi now rolling out in Dallas & Houston 🤠 pic.twitter.com/G3KFQwqGxB
— Tesla Robotaxi (@robotaxi) April 18, 2026
ဒီကြေညာချက်မှာ ကားအစီးရေ ဘယ်လောက်သုံးမလဲ၊ ယာဉ်မောင်းပါမလား ဒါမှမဟုတ် လူမပါဘဲ မောင်းမှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ Tesla ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ အရင်က Austin မြို့မှာ ပြေးဆွဲခဲ့တဲ့ အတွေ့အကြုံတွေအရ ကားအများစုမှာ ဘေးကင်းလုံခြုံရေးအတွက် လူလိုက်ပါစောင့်ကြည့်ရဆဲဖြစ်ပြီး Elon Musk ကတိပေးထားသလောက် အစီးရေအများအပြား မပြေးဆွဲနိုင်သေးတာကို တွေ့ရပါတယ်။

Tesla ရဲ့ Robotaxi တွေဟာ မတော်တဆမှုနှုန်းမှာ လူမောင်းတာထက် ပိုများနေသေးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် မိုးရွာရင် ဝန်ဆောင်မှု ရပ်နားထားရတာမျိုးတွေကြောင့် တစ်နှစ်ကို မိုးရွာရက် ၁၀၀ ကျော်ရှိတဲ့ Houston လို မြို့မျိုးမှာ အခက်အခဲရှိနိုင်ပါတယ်။ တခြားပြိုင်ဘက်ကုမ္ပဏီတွေက သူတို့ရဲ့ မတော်တဆမှု အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်လေ့ရှိပေမဲ့ Tesla ကတော့ လုပ်ငန်းလျှို့ဝှက်ချက်အဖြစ် ဖုံးကွယ်ထားတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Tesla ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Waymo ကတော့ Houston နဲ့ Dallas မြို့တွေမှာ ယာဉ်မောင်းမပါတဲ့ ဝန်ဆောင်မှုကို အကြီးအကျယ် စတင်နေပြီ ဖြစ်ပါတယ်။ Waymo ဟာ တစ်ပတ်ကို ခရီးစဉ်ပေါင်း ၅ သိန်းကျော် ပြေးဆွဲပေးနေပြီး လူမောင်းတာထက် မတော်တဆမှုနှုန်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Tesla အနေနဲ့ အခုလို နယ်မြေအသစ်တွေမှာ စတင်လိုက်ပေမဲ့ လုပ်ငန်းအခြေအနေမှာတော့ Waymo ကို အမီလိုက်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
Ref : electrek