ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ Stryker ရဲ့ Apple Vision Pro အတွက်ထုတ်လုပ်ထားတဲ့ SportSuite Vision အက်ပ်ကို Duke Health မှာ တင်ပါးဆုံရိုးခွဲစိတ်မှုတစ်ခုမှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။ အဲဒီဆော့ဖ်ဝဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ FDA ရဲ့ De Novo အသိအမှတ်ပြုချက်ကို ရရှိခဲ့တာဖြစ်ပြီး အခုလို လက်တွေ့ခွဲစိတ်မှုမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အဲဒီ Mixed reality နည်းပညာကြောင့် ဆရာဝန်တွေဟာ လူနာနဲ့ လက်တွေ့ကမ္ဘာကို မြင်တွေ့နေရတဲ့တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်ပုံရိပ်တွေကိုပါ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန် ဒေါက်တာ Chad Mather III က Spatial computing နည်းပညာကို အသုံးပြုတာကြောင့် ခွဲစိတ်မှုလုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဓာတ်မှန်ပုံရိပ်တွေကို မိမိအဆင်ပြေသလို စီစဉ်ထားနိုင်ပြီး ပိုမိုသက်တောင့်သက်သာရှိတဲ့ ခွဲစိတ်ခန်းအနေအထားကို ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။

ခေါင်းစွပ်မျက်မှန်ရဲ့ စျေးနှုန်းမြင့်မားမှုနဲ့ ဆော့ဖ်ဝဲရေးဆွဲရခက်ခဲမှုတွေကြောင့် သာမန်လူတွေ တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ မကြာသေးမီက Apple ရဲ့ Vision Pro အဖွဲ့ဝင်တချို့ အလုပ်ဖြုတ်ခံရတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် အခုလို ရှုပ်ထွေးတဲ့ ဆေးဘက်ဆိုင်ရာခွဲစိတ်မှုတွေမှာ အသုံးပြုနိုင်တာဟာ ဒီနည်းပညာရဲ့ အနာဂတ်အလားအလာကောင်းကို ပြသနေပါတယ်။
Ref : Engadget